လိပ်သို ဖေဖော်ဝါရီ ၃
ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာရေးဆရာမ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ရေးသားသော “ပညာလိုလျှင် ပျိုမျစ်တယ်” စာအုပ်ဖြင့်စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ (၁) နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတ ကြွယ်၀နိုင်ကြောင်းနှင့် လူငယ်များအနေဖြင့် စာဖတ်ခြင်းမှရရှိသည့် အသိပညာ ဗဟုသုတများကို သိရှိစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပညာလိုလျှင် ပျိုမျစ်တယ် စာအုပ်ရှင်းလင်းပြောကြားသည်။
ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ စာပေဝါသနာရှင် ဂျီသက်ဝေဖြိုးက စာရေး ဆရာမ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ရေးသားသော “ပညာလိုလျှင် ပျိုမျစ်တယ်”စာအုပ် ခေါင်းစဉ်အောက်မှ “ပညာရကြောင်း အကြောင်းရှစ်ပါး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေဝါသနာရှင် မနီလာစိုးက “ပညာရေးဆိုတာ ရှင်သန်စေခြင်း” ခေါင်းစဉ်အောက်မှလိုချင်တောင့်တအပ်သော ဦးတည် ချက် တိတိကျကျခိုင်ခိုင်မာမာ ရှိရမှာဖြစ်ကြောင်း၊ လူလူချင်းအရည်အချင်းလည်း သိပ်မကွာဘဲနဲ့ တစ်ယောက်က ထူးချွန်ပြီး တစ်ယောက်က မချွန်ဘူးဆိုတာ လိုချင် တောင့်တမှုချင်း မတူလို့ပါပဲ။ တစ်နည်းပြောရရင်တော့ ဦးတည်ချက်ထားပုံချင်း မတူလို့ပါပဲ။ ဥပမာဆိုပါတော့၊ ငယ်ငယ်လေးကတည်းက ငါဘာလုပ်ချင်သလဲဆိုတာ တွေးပြီးတော့ အဲဒီလမ်းကြောင်းပေါ်မှာ မှန်မှန်လျှောက်နေတဲ့သူဟာတစ်နေ့မဟုတ်တစ်နေ့တော့ သူလိုချင်တဲ့နေရာနဲ့ အနီးစပ်ဆုံးနေရာကို ရောက်သွားတတ်ပါကြောင်း စသည့်စာအုပ်ပါ အကြောင်းအရာများအား ဖတ်ကြားဆွေးနွေးခဲ့ကြပြီး သိရှိလိုသည့် အချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
ခင်လေးနွယ် (လိပ်သို)