ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉စီးပွားရေးကုစားမှုအစီအစဉ်အရ အသက်(၈၀)နှင့်(၈၅)နှစ်ကြား ဘိုးဘွားများ အား ငွေကြေးထောက်ပံ့

ရှမ်းရွာသစ်၊ စက်တင်ဘာ ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉စီးပွားရေး ကုစားမှုအစီအစဉ်အရ အသက် (၈၀) နှစ်ပြည့်ပြီး (၈၅) နှစ် မပြည့်သေးသည့် သက်ကြီးဘိုးဘွားများအား ငွေကြေးထောက်ပံ့ပေးခြင်းကို ယမန်နေ့မှစ၍ ရှမ်းရွာသစ်မြို့ပေါ် (၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉) အုပ်စုတို့တွင် တာဝန်ရှိသူများတို့က လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းအောင်နှင့် ကျေးရွာအုပ်စုအုပ် ချုပ်ရေးမှူးများက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ကိုဗစ် -၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ရှမ်းရွာသစ်မြို့အတွင်းရှိ မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉) အုပ်စုရှိ အသက်(၈၀)နှစ်နှင့် (၈၅)နှစ် အကြားရှိ ဘိုးဘွား(၃၂)ဦးအား တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၉၆၀၀၀၀)ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ လက်ဝယ်အရောက် လိုက်လံပေးအပ်လျက်ရှိကြောင်း သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)