ဘိုကလေး ဖေဖော်ဝါရီ ၃
၂၀၁၅ခုနှစ်မတ်လ (၁၇) ရက်နေ့မှစတင်၍ ရမ်ဆာကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့သော မြန်မာနိုင်ငံတွင် မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အင်းတော်ကြီးတောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော၊ နံ့သာကျွန်း၊ မိုးယွန်းကြီးအင်း တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော၊ မုတ္တမပင်လယ်ကွေ့နှင့် အင်းလေးကန်တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောတို့သည် ရမ်ဆာရေဝပ်ဒေသများဖြစ်ပြီး လူသားများနှင့် ဇီဝသက်ရှိများအား များစွာအကျိုးပြုနေသော နိုင်ငံ၏အဖိုးမဖြတ်နိုင်သည့် ရေဝပ်ဒေသများဖြစ်သည်။
ရေဝပ်ဒေသဆိုသည်မှာ စိမ့်မြေ၊ ရွှံ့နွံ၊ လတာပြင်၊ ကိုင်းတော အပါအဝင် မြစ်ချောင်း၊ အင်းအိုင်၊ ရေချို၊ ရေငံ၊ ရေသေ၊ ရေရှင်ဒေသများ၊ ဆည်မြောင်း၊ ရေကန်များ၊ ဒီရေတောများဒီရေကျချိန်တွင် (၆)မီတာထက်ပိုမနက်သည့် အဏ္ဏဝါရေပြင်များအား ခေါ်ဆိုခြင်းဖြစ်ကြောင်းနှင့် ရေဝပ်ဒေသများတွင် ရေညှိ၊ ရေမှော်၊ ပင်လယ်အုန်းတို့ ပါဝင်သည့်သဘာဝအပင်များ၊ ငါး၊ ပုစွန်၊ ခရု၊ ကမာ စသည့် ရေချိုရေငန်သတ္တဝါများ၊ ဂျီ၊ ဒရယ်၊ ဆတ်၊ တောဝက်၊ ကျား၊ ကျားသစ်စသည့် နို့တိုက်သတ္တဝါများ၊ တွားသွားသတ္တဝါများ၊ ကုန်းနေရေနေသတ္တဝါများနှင့် ငှက်မျိုးစုံစသည့် သက်ရှိများရှင်သန်နေထိုင် ကျက်စားကြကြောင်း ရေဝပ်ဒေသတာဝန်ရှိသူများထံမှ သိရသည်။
ရေဝပ်ဒေသများကို ပင်လယ်ကမ်းခြေရေဝပ်ဒေသများ၊ ကုန်းတွင်းရေချိုရေဝပ်ဒေသများ၊ လူတို့ပြုလုပ်ထားသော ရေဝပ်ဒေသများဟူ၍ ယေဘုယျအားဖြင့် (၃)မျိုးခွဲခြားနိုင်ပြီး ရေဝပ်ဒေသ၏ ပတ်ဝန်းကျင်၊ လူသားများနှင့် သက်ရှိဇီဝများအတွက် မြေအောက်ရေထိန်းညှိပေးခြင်း၊ ရေကြီး၊ရေလျှံမှုနှင့် ရေစီးနှုန်းကို ထိန်းပေးခြင်း၊ နုန်းနှင့်ရေဩဇာ အာဟာရဓာတ်များကို ထိန်းချုပ်ခြင်း၊ ရေထုမှ အဆိပ်အတောက်နှင့် အညစ်အကြေးများကို သန့်စင်ဖယ်ရှားခြင်း၊ သဘာဝဘေးဒဏ် ကာကွယ်ပေးခြင်း၊ ရာသီဥတုမျှတခြင်း၊ ဇီဝမျိုးကွဲများအားထိန်းသိမ်းခြင်း၊ ရေကြောင်းအသုံးချနိုင်ခြင်း၊ ပင်လယ်ရေငံဝင်ရောက်မှုကို တားဆီးကာကွယ်ပေးခြင်း၊ ရေထွက်ပစ္စည်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း၊ အပန်းဖြေခြင်းနှင့် သဘာဝအခြေခံခရီးသွား လုပ်ငန်းများစသော အကျိုးကျေးဇူးများ ပေစွမ်းနိုင်ကြောင်း ရေဝပ်ဒေသကာကွယ်ထိန်းသိမ်းစောင့်ရှောက်သည့် ပညာရှင်များထံမှသိရသည်။
လူသားများအနေဖြင့် စိုက်ပျိုးရေးအတွက် ရေအလွန်အကျွံနှုတ်ယူခြင်း၊ လူနေတိုးချဲ့ခြင်း၊ ညစ်ညမ်းစေခြင်း၊ တရားမဝင်အမဲလိုက်ခြင်းနှင့် ငါးဖမ်းခြင်း၊ ရွှေကျင်ခြင်း၊ ရွှေပြောင်းတောင်ယာခုတ်ခြင်း၊ စိုက်ပျိုးမြေချဲ့ထွင်ခြင်း၊ အခြားမြေအဖြစ် ပြောင်းလဲခြင်းတို့ကြောင့် တန်ဖိုးရှိလှသောရေဝပ်ဒေသများ ပျက်စီးနိုင်သည့်အတွက် လူသားအနေဖြင့် မိမိတို့ပတ်ဝန်းကျင်ဒေသ၊ ရာသီဥတု၊ ဇီဝမျိုးကွဲများအား များစွာ အကျိုးပြုနိုင်သည့် ရေဝပ်ဒေသများအား အားလုံးပါဝင်ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန် လိုအပ်လှပေသည်။
မိုးစက် (ဘိုကလေး)