ပဲခူး ဖေဖော်ဝါရီ ၂
ပဲခူးတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မေဂျာပေါင်းစုံ ကျပန်း၊ စကားရည်လု၊ စကားဝိုင်းဆွေးနွေးပွဲ(မြန်မာ)ပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးတက္ကသိုလ်ရှိ စုဝေးခန်းမ၌ ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးအောင်မင်း တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီးဦးအောင်မင်းနှင့် ပဲခူးတက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီးဒေါက်တာအေးအေးခိုင်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာစာဌာနပါမောက္ခ(ဌာနမှူး) ဒေါက်တာသဇင်သောင်းက ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကျပန်းစကားပြောပြိုင်ပွဲတွင် ကျောင်းသား/ ကျောင်းသူ ၁၄ ဦးမှ ကိုယ်တိုင်မဲနှိုက်ရွေးချယ်၍ မဲကျရာသက်ဆိုင်ရာခေါင်းစဉ်အလိုက်လည်းကောင်း၊ စကားရည်လုပြိုင်ပွဲတွင် အဆို ၃ ဦး အချေ ၃ ဦး ပေါင်း ၆ ဦးဖြင့် အဖွဲ့(၆)ဖွဲ့မှ ပြိုင်ပွဲဝင် ၆၃ ဦးမှလည်းကောင်း၊ စကားဝိုင်းဆွေးနွေးပွဲ ပြိုင်ပွဲတွင် ၄ ဦး(၁)ဖွဲ့ဖြင့် အဖွဲ့(၁၁)မှ ပြိုင်ပွဲဝင် ၄၄ ဦးမှလည်းကောင်း စုစုပေါင်းကျောင်းသူ ၉၄ ဦးမှ အသီးသီးယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအား ပဲခူးတက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီးဒေါက်တာအေးအေးခိုင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးအောင်မင်း၊ ပဲခူးတက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီးဒေါက်တာအေးအေးခိုင်နှင့် တာဝန်ရှိသူများ၊ မေဂျာပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူ ၅၄၀ ဦးခန့် တက်ရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန် /ဆက်)