မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့်စစ်ဆေးဆောင်ရွက်

မိုင်းတုံ စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် မြို့အဝင်ဂိတ်များတွင် နေ့စဉ် နံနက်(၆)နာရီမှ ည(၉)နာရီအထိ အရှိန်အဟုန်မြှင့်စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ဖြတ်သန်းသွားလာသော မော်တော်ယာဉ်(၇၈)စီးမှ ခရီးသည် (၁၅၂)ဦးတို့အား Non-contact Infrared Thermometer စက်ဖြင့် ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်း၊ ခရီးသွားရာဇဝင် မှတ်သားခြင်း၊ သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာထောက်ခံချက်များပါရှိမှု ရှိ၊မရှိ စစ်ဆေး ခြင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ထုတ်ပြန်ချက်များနှင့် အညီ ခရီးသွားလာရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

"ကျွန်တော်တို့မြို့လေး ကိုဗစ်-၁၉ ရောဂါက ကင်းဝေးအောင် တာဝန်ရှိသူတွေရဲ့ဦးဆောင်မှုနဲ့ အခုလို မြို့ဝင်ဂိတ်တွေမှာ စနစ်တကျစစ်ဆေးနေတာတွေ့ရတော့ စိုးရိမ်စိတ်သက်သာတာပေါ့ဗျာ၊ တာဝန်ရှိသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်" မြို့မရပ်ကွက်မှ ဦးစိုင်းသန်းဌေးက ပြောသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေအောင်၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာ ရေးဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်စေတနာ့ ဝန်ထမ်းများပါဝင်သောအဖွဲ့တို့က နေ့စဉ်နံနက် (၆)နာရီမှ ည(၉)နာရီအထိ အလှည့်ကျဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဝင်းဝင်းခိုင်(ပြန်ဆက်)