ကျိုင်းတောင်းမြို့အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချမှုမရှိစေရေး လိုက်လံစစ်ဆေးအသိပညာပေး

 

ကျိုင်းတောင်း စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချမှုမရှိစေရေးနှင့် ပါဆယ်စနစ်ဖြင့်သာ ဝယ်ယူစားသောက်ရေး လိုက်လံစစ်ဆေးအသိပညာပေးခြင်းကို စက်တင်ဘာ ၂၆ ရက်နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာတစ်ဝှမ်း၌ ကူးစက်မှု ပျံ့နှံ့လျက်ရှိရာမှ ပြည်တွင်းကူးစက်မှုဟု သုံးသပ်ရသည့် ကိုဗစ်-၁၉ရောဂါ ဆင့်ပွားကူးစက်ခံရသူများထဲတွင် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ၌ ဆိုင်ထိုင်စားသောက်ခြင်းမှ ကူးစက်ခံရသူအရေ အတွက်များစွာ ပါဝင်လာကြောင်း စီစစ်တွေ့ရှိရသဖြင့် မိမိတို့မြို့အတွင်း ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်များနှင့်အညီ ကျိုင်းတောင်းမြို့အတွင်းရှိ ဆိုင်ထိုင်ရောင်းချသည့် ဆိုင်များအားလုံးကို ပါဆယ်စနစ်ဖြင့်သာ ပြောင်းလဲ ရောင်းချရန်အတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့ကျန်းမာရေးဦးစီးဌာနမှ အဖွဲ့ဝင်များ၊  စည်ပင်သာယာရေးဦးစီးဌာနမှ အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ နှင့် မီးသတ်တပ်ဖွဲ့ဝင်များတို့က လိုက်လံစစ်ဆေး အသိပေးပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကျိုင်းတောင်း(ပြန်/ဆက်)