ဖြူး ဖေဖော်ဝါရီ ၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျောင်းသားအရွယ်များမှ ရွက်ပုံးသီးအားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးအတွက်ရည်ရွယ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲကို ယမန်နေ့နံနက်(၉)နာရီမှ စတင်ကာ မြို့နယ်အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ကျောင်းပေါင်းစုံအသင်း(၅)သင်းဖြစ်သည့် အ-ထ-က(ခွဲ)ကြူအင်း(B)အသင်း၊ အ-ထ-က(၁)ဖြူး၊ အ-ထ-က နဝါးနဂါးအသင်း၊ အ-ထ-က(ခွဲ)ကြူအင်း(A)အသင်း၊ အ-ထ-က(၂)ကညွတ်ကွင်းအသင်းတို့သည် အုပ်စုပတ်လည်ပွဲစဉ်များအနေဖြင့် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အုပ်စုပတ်လည်ပွဲစဉ်များအပြီးတွင် အုပ်စုပထမရအသင်းနှင့် အုပ်စုဒုတိယရအသင်းတို့အား ဗိုလ်လုပွဲအဖြစ် ဆက်လက်အပြီးသတ်ယှဉ်ပြိုင်ကာ ဆုများကို (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားတွင် ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲကျင်းပရေးကော်မတီမှ သိရသည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစောမင်းသူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများက ကြည့်ရှုအားပေးကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)