အမာ စက်တင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီခန့်က အမာမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ/ရပ်ဖများ တွေ့ဆုံဆွေးနွေး ညှိနှိုင်း ခဲ့သည်။
ရှေးဦးစွာ အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းနှင့် ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် Stay at Home နေထိုင်ရေး ကို လမ်းညွှန်ချက်များနှင့်အညီ ပြည်သူလူထုအနေဖြင့် စနစ်တကျ လိုက်နာဆောင်ရွက် နေထိုင်သွား လာရန်အတွက် တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရန်နှင့် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ည(၁၀)နာရီမှ နံနက်(၄) နာရီအထိ ညမထွက်ရညွှန်ကြားချက် ထုတ်ပြန်ထားရာ လိုက်နာမှုရှိ/မရှိ တာဝန်ရှိသူများမှ လိုက်လံစစ်ဆေးရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင်များမှ ကြီးကြပ် ဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့သည်။
ဆက်လက်၍ အမာမြို့ ပြည်သူ့ဆေးရုံမှ တိုက်နယ်ဆရာဝန် ဒေါက်တာဆွေဇင်လှိုင်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် အိမ်ထောင်စုများအား အိမ်အပြင်ထွက်ခွင့် ကတ်ပြားများ ပြုလုပ်ပေးပြီး စျေးဝယ်ထွက်ရန် လိုအပ်ပါက တစ်အိမ်လျှင် (၁)ဦးသာ ထွက်ရန်၊ ဆေးရုံ၊ ဆေးခန်းသွားရောက်ရန် ရှိပါက (၂)ဦးသာ ထွက်ခွင့်ပြုရန်၊ နေအိမ်မှ ပြင်ပသို့ သွားလာလျှင် ပါးစပ်/ နှာခေါင်းစည်း(Mask)တပ်ရန် ကိစ္စများ ဆွေးနွေးပေးပြီး အမာမြို့၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းကော်မတီဝင်များမှလည်း လုပ်ငန်းများအဆင်ပြေရေး၊ ပူးပေါင်းဆောင်ရွက်နိုင် ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နော်လေး(အမာ)