တောင်သူများ၏ ကျွဲ၊ နွားစာ ပြောင်းရိုးစင်းခြင်း၊ ပြောင်းနှံခြွေခြင်းလုပ်ငန်းများကို စက်ကိရိယာဖြင့်ဆောင်ရွက်လာ

နတ်မောက် ဖေဖော်ဝါရီ  ၂

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ရှိ ကျေးရွာများတွင် ကျွဲ/နွားစာအဖြစ်စိုက်ပျိုးခဲ့သည့် ပြောင်းရိုးများကိုရိတ်သိမ်းပြီးဖြစ်၍ ပြောင်းရိုးစင်းခြင်း၊ ပြောင်းနှံခြွေခြင်းလုပ်ငန်းများကို စက်ကိရိယာများဖြင့် ဆောင်ရွက်လာသည်ကိုတွေ့ရသည်။

မိုးနှမ်းများ သိမ်းဆည်းပြီးနောက် ကျွဲစာ၊ နွားစာအဖြစ် ရွှေနီပြောင်း၊ ပြောင်းဖြူ (အနှံဖြူ)၊ ပြောင်းနက်(အနှံနက်)မျိုးများကို စိုက်ပျိုးခဲ့ကြပြီး ဒီဇင်ဘာ ပထမပတ်မှစ၍ ရိတ်သိမ်းကာ အခြောက်ခံနေလှမ်းပြီး အင်ဂျင်တပ်ထားသည့် နွားစာစင်းစက်ဖြင့်စင်းကာ နွားတင်းကုတ်များပေါ်တွင် စင်းဖတ်များကို သိုလှောင်ထားပြီးဖြစ်ကြောင်း ဒေသခံတောင်သူများက ပြောသည်။

ကျွဲ၊ နွားစာအဖြစ် ရိတ်သိမ်းပြီးသည့် ပြောင်းရိုးများမှ ပြောင်းနှံများကိုလည်း တံစဉ်ဖြင့်ထစ်ကာ သီးနှံမျိုးစေ့အဖြစ် ထုတ်ယူကြရသည်။ ယခင်ကပြောင်းနှံများကို တလင်းတွင်ဖြန့်ကာ နွားဖြင့်နင်းခြွေ၍ ပြောင်းဆံများကိုထုတ်ယူရသဖြင့် အချိန်ကုန်ခြင်း၊ လူလုပ်အားသုံးရခြင်းများရှိခဲ့သည်။ ယခုအခါ ပြောင်းသီးနှံခြွေလှေ့စက်ရှိသူများက ရွာစဉ်လှည့်လည်၍ ခြွေလှေ့စက်ဖြင့် ခြွေကာပြောင်းစေ့တစ်တင်းထွက်ရှိပါက ၂၀၀၀ကျပ်နှုန်း စက်ခပေးချေရကြောင်း၊ စက်ဖြင့် ခြွေလှေ့သဖြင့် ဖုန်၊ သဲ၊ ဂဲများ ကင်းစင်သည့်ပြောင်းစေ့များရရှိကြောင်း ဂွေးချောင်းရွာမှ မခိုင်ထံမှ သိရသည်။

မူမူစန်း