လွိုင်ကော်မြို့၌ ပြည်တွင်းထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု သင်တန်းဖွင့်လှစ်

လွိုင်ကော် ဖေဖော်ဝါရီ ၁

ကယားပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် ပြည်နယ်အတွင်းမှထွက်ရှိသော ကုန်ကြမ်းများကို ဈေးကွက်ဝင်တန်ဖိုးမြှင့် ထုတ်ကုန်ပစ္စည်းအဖြစ် ထုတ်လုပ်ခြင်းအားဖြင့် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေနိုင်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ အဖြစ် ထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ ပြည်တွင်းထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်(၁၀) နာရီအချိန်က ဒေါတမရပ်ကွက်ရှိ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရှိလေ့ကျင့်ပျိုးထောင်ရေး စင်တာခန်းမ၌ ပြုလုပ်သည်။

အခမ်းအနားတွင် ကယားပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ခိုင်က အဖွင့်အမှာစကားပြောကြားရာတွင် “မိမိတို့ဒေသမှာရှိတဲ့ ပညာကိုဆုံးခန်းတိုင်အောင် မသင်နိုင်တဲ့ အမျိုးသမီးထုတွေအတွက် ဝင်ငွေရသည့် အလုပ်အကိုင်အခွင့်များရရှိရန် မိမိဒေသတွက် ပစ္စည်းများအား တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်စေရန်အတွက် ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ဒီသင်တန်းမှာ အလေးထားသင်ယူလျက် လက်တွေ့ဘဝတွင် အကျိုးရှိရှိအသုံးချသွားစေလိုကြောင်း” ပြောကြားခဲ့ပြီး ကယားပြည်နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ဝင်းက အမှာစကားဆက်လက်ပြောကြားသည်။

အဆိုပါသင်တန်းအား သင်တန်းသူ (၂၃) ဦးတက်ရောက်ပြီး သင်းတန်းနည်းပြ (၃)ဦးဖြင့် (၁-၂-၂၀၂၃ ရက်နေ့မှ ၇-၂-၂၀၂၃) ရက်နေ့ထိ (၇)ရက်ကြာ မုန့်အမျိုးအမည် (၁၇)မျိုးအား အခမဲ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဇင်(လွိုင်ကော်)