စစ်ကိုင်း စက်တင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန် မြှင့်တင်ဆောင်ရွက် လျက်ရှိရာ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာဒါန Volunteer အဖွဲ့များ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက ရပ်ကွက်ပြည်သူများသို့ ကျန်းမာရေးအသိပညာများ နှိုးဆော်ပေးခဲ့ကြကြောင်း သိရသည်။
"ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျွန်တော်တို့ဌာနအနေဖြင့် စစ်ကိုင်းမြို့မှာရှိတဲ့ ပညာဒါန Volunteer အဖွဲ့များနှင့် ပူးပေါင်းပြီး ရပ်ကွက်အတွင်းရှိ ပြည်သူတွေကို ကျန်းမာရေး အသိပညာပေးနှိုးဆော်ပေး တာပါ။ အခုလိုနှိုးဆော်ပေး ခြင်းဖြင့် တစ်ဦးတစ်ယောက်ကအစ အသိပညာတွေရရှိပြီး စည်ကမ်းတစ်ကျ လိုက်နာ သွားမယ်ဆိုရင် ရောဂါကူးစက်မှုတွေ လျော့နည်းလာပြီး ပျောက်ကွယ်သွားနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့တော့ ဒီရက်ပိုင်းတွေမှာ ရပ်ကွက်ပေါင်းစုံကို ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက အခါအားလျော်စွာ ထုတ်ပြန်ပေးတဲ့ ထုတ်ပြန်ချက်တွေ၊ ကျန်းမာရေးအသိပညာတွေကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ပေးသွားမှာပါ နောက်ပြီး မိမိတို့ဌာနမှာလည်းပဲ လမ်းသွား၊ လမ်းလာ ပြည်သူတွေ ကျန်းမာရေး အသိရှိအောင် အသံချဲ့စက်များ တပ်ဆင်ပြီး အချိန်နှင့်တစ်ပြေးညီ ဖွင့်လှစ်ဆောင်ရွက်ပေးနေပါတယ်" ဟု ခရိုင်ပြန်/ဆက်မှ တာဝန်ရှိ သူတစ်ဦးက ပြောပြ၍ သိရသည်။
စစ်ကိုင်းမြို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ အရှိန် အဟုန်မြှင့် တင်ဆောင်ရွက်လျက် ရှိရာ ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များ၊ အလှူရှင်များကလည်း နှာခေါင်းစည်းများ ဖြန့်ဝေခြင်း၊ လက်သန့်ဆေးရည်များ ဆေးကြောပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကိုလည်း အရှိန်အဟုန် မြှင့်တင်ဆောင်ရွက် ပေးနေကြကြောင်း သိရသည်။
ဇော်မြင့်နိုင်