ပေါက်ခေါင်း ဖေဖော်ဝါရီ ၁
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၉ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် ဌာနဆိုင်ရာရုံးများ မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းကို ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန ဒု-မီးသတ်ဦးစီးမှူး ဦးအေးကျော်ဇင်ထွန်းက ပူပြင်းခြောက်သွေ့သော ရာသီရောက်ရှိလာပြီဖြစ်၍ မီးလောင်မှုကြောင့် ပြည်သူလူထုအိုးအိမ်များ၊ ဌာနဆိုင်ရာရုံး အဆောက်အဦပစ္စည်းများ မီးလောင်ဆုံးရှုံးမှု မရှိစေရေးတို့အတွက် ကြိုတင်သတိပြုသုံးစွဲကြပါရန် အသိပညာပေးပြောကြားပြီး၊ မီးဘေးလုံခြုံရေးနှင့်မီးလောင်မှုဖြစ်ပွားလာပါက မိမိကိုယ်တိုင်ဦးစွာ မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ရန်အတွက် မီးသတ်ဆေးဘူးကိုင်တွယ် အသုံးပြုပုံအဆင့်ဆင့်မှ “ဖြုတ်၊ ချိန်၊ ညှစ်၊ ဖျန်း” ပြုလုပ်ပုံများ၊ မီးသတ်ဆေးဘူးထားသိုပုံ ထားသိုနည်းများ၊ မီးသတ်ဆေးဘူး အမျိုးအစားများနှင့် အရေးပေါ်ရေစိုအဝတ်ဖြင့် မီးငြှိမ်းသတ်ရမည့် အခြေအနေများကို ပါတက်ရောက်လာသူများအား အသိပညာပေး ဟောပြောခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ဒုမီးသတ်ဦးစီးမှူးက ပြန်လည်ဖြေကြားပေးခဲ့ပြီး မြို့နယ်ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်နှင့်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် အားကာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)