မင်းဘူးမြို့တွင် နှာခေါင်းစည်း Mask တပ်ဆင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်

မင်းဘူး စက်တင်ဘာ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် နှာခေါင်းစည်း Mask တပ်ဆင်သွားလာရေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် လူအများသွားလာနေသော နေရာများ၌ ခရိုင်၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ချမ်းသာကြီးပရဟိတ လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မလိုအပ်ဘဲ အိမ်အပြင် မထွက်ကြရန်၊ လက်ကိုမကြာ ခဏ ဆေးကြရန်၊ လူစုလူဝေးမပြုလုပ်ကြရန်စသည့် ပြည်သူများ လိုက်နာ ဆောင်ရွက်ရမည့်အချက်များကို အသိပညာပေးနှိုးဆော်ခြင်းနှင့် စေတနာရှင် အလှူရှင်များ က လှူဒါန်းသော နှာခေါင်းစည်း Mask အခုရေ ၂၀၀၀ အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို မြို့ပေါ်ရပ်ကွက် များဖြစ်သော အမှတ် ၁၊ ၂၊ ၃၊ ၄၊ မင်းဘူးမြို့မဈေး၊ မင်းဘူး-စကု ကားလမ်းတလျှောက်တို့တွင် ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် တစ်ရက်ကို နှစ်ကြိမ်နှုန်း အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့်၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)