ပန်းတနော်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့အတွင်း လိုက်လံ အသိပညာပေးနှိုးဆော်

ပန်းတနော် စက်တင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့အတွင်း လိုက်လံအသိပညာပေးနှိုးဆော်ခြင်းကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီက ယမန်နေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့သည်။

ပန်းတနော်မြို့အတွင်း လိုက်လံအသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဖြစ်ပွား သော နေရာများနှင့် ရန်ကုန်တိုင်း ဒေသကြီးသို့ နေ့ချင်းပြန်သွားခဲ့သူများ၊ ရန်ကုန်မှာ အလုပ်သွား ရောက်လုပ်ကိုင်ပြီး ပြန်လာခဲ့သူများ၏ နေအိမ်မှ အိမ်သားတစ်ဦး (သို့မဟုတ်) မိမိပတ်ဝန်းကျင်မှ တစ်ဦး ဖျားနာခြင်း၊ ချောင်းဆိုး၊ လည်ချောင်းနာခြင်း၊ အနံ့မရခြင်း၊ နာကျင် ကိုက်ခဲခြင်းများရှိပါက မိမိဘာသာဆေးဝယ်သောက်ခြင်း၊ ရွာမှာဆေးထိုးခြင်းများ မပြုလုပ်ဘဲ ပန်းတနော်မြို့နယ်ဆေးရုံရှိ ဖျားနာ၊ ကုသဆေးခန်းသို့ အချိန်မီ လာရောက်ပြသ​ကြရန်နှင့် မိမိ၏ခရီးသွားရာဇဝင်ကို အမှန်အတိုင်း ပြောပြကြရန် လိုက်လံအသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက် ခဲ့သည်။

ပြည့်ဖြိုးကျော်(ပန်းတနော်)