လိပ်သိုမြို့ စိုက်ပျိုးရေး ဦးစီးဌာန ရုံးတွင် ကော်ဖီတိုးချဲ့စိုက်ပျိုးရေး အသိပညာပေး ဆွေးနွေး

လိပ်သို   စက်တင်ဘာ  ၂၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကော်ဖီတိုးချဲ့ စိုက်ပျိုးရေး  တောင်သူအသိပညာပေး ဆွေးနွေးပွဲကို  စက်တင်ဘာ  ၂၅ ရက် နေ့လည်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်မှ အဖွင့်အမှာစကားပြောကြား ပြီး  လိပ်သိုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်သော်မြင့်က  ဒေသခံတောင်သူများ အနေဖြင့် ၀င်ငွေအခွင့် အလမ်းများ ပိုမိုကောင်းမွန်လာစေရန် ၊ အလုပ်အကိုင် အခွင့်အလမ်း များ ပိုမိုရရှိလာစေရန် စသည့် ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ဆွေးနွေးသည်။

ကော်ဖီတိုးချဲ့စိုက်ပျိုးရေးနှင့် ပတ်သက်ပြီး လိပ်သိုမြို့ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး သံတောင်ကြီးမြို့နယ်တွင် ကော်ဖီပင်ပေါင်း နှစ်သောင်းကျော်ကို ဒေသခံ တောင်သူများထံ ဖြန့်ဝေပေးခဲ့ပြီး  လိပ်သိုဒေသတွင် ကော်ဖီစိုက်ပျိုးသူ ဒေသခံများထံ ကော်ဖီပင်ပေါင်း တစ်သောင်းကျော် ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကြောင်း ဦးစီးမှူး ဦးအောင်သော်မြင့်ထံမှ သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ခဲ့ပြီး ဌာနဆိုင်ရာ၀န်ထမ်းများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

နွယ်နွယ်ခိုင် (ပြန်/ဆက်)