ပြည်တက္ကသိုလ်၏ ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံး အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ပြည် ဇန်နဝါရီ ၃၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်တက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံး အားကစားပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ပြည်ခရိုင်အားကစားကွင်း၌ ကျင်းပရာ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦးနှင့် ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြည်တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာသက်လွင်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဘာသာရပ်အလိုက်ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြည့်ရှုအား‌ပေးသည်။ ဗိုလ်လုပွဲတွင် ဘူ‌မိဗေဒဘာသာရပ်အသင်းနှင့်  ညွန့်ပေါင်း (၂)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပွဲချိန်ပြည့် တစ်ဖက်တစ်ဂိုးစီသရေရလဒ်အား ဘူမိဗေဒအသင်းက ပင်နယ်တီအဆုံးအဖြတ် ငါးဂိုး-သုံးဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ယင်းနောက် ဆုချီးမြှင့်ပွဲဆက်လက်ကျင်းပရာ နေရာအလိုက် အကောင်းဆုံး အားကစားဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုနှင့် ဂိုးသွင်းအများဆုံးဆု အပါအဝင်တတိယဆုရ သင်္ချာဘာသာရပ်အသင်း၊ ဒုတိယဆုရ ညွန့်ပေါင်း(၂)အသင်းနှင့် ပထမဆုရ ဘူမိဗေဒအသင်းတို့အား ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ဇော်နိုင်ထွန်း၊ အဖွဲ့ဝင်(၁)ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းမင်းနှင့် ပြည်တက္ကသိုလ်မှ ပါမောက္ခချုပ်‌ ဒေါက်တာသက်လွင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦးက ပထမဆုရဘူမိဗေဒအသင်းအား တံခွန်စိုက်ဆုဖလားနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်သည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို ယခုဇန်နဝါရီ ၁၉ ရက်မှ ၃၁ ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ကာ ပြိုင်ပွဲတွင် ပြည်တက္ကသိုလ်ဘာသာရပ်ပေါင်းစုံမှ စုစုပေါင်းအသင်း(၉)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြည်တက္ကသိုလ်တွင် ကျောင်းသား၊‌ ကျောင်းသူများ ကျန်းမာပျော်ရွှင်ရေးနှင့် ကာယ/ဉာဏ စွမ်းရည်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်၍ ယခုပြိုင်ပွဲအပါအဝင် ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ဖူဆယ်၊ စစ်တုရင်နှင့် အခြားအားကစားပြိုင်များ၊ လူငယ်စကားဝိုင်းနှင့် အသိပညာပေးဟောပြောပွဲများကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ စဉ်ဆက်မပြတ်‌ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း ယင်းတက္ကသိုလ် တာဝန်ရှိသူများထံမှ သိရသည်။

ကိုဆက်(ပြန်/ဆက်)