သံတောင်ကြီး၊ စက်တင်ဘာ ၂၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပျားစခန်းကျေးရွာ အ-ထ-ကကျောင်း အသွားအလာ ကန့် သတ်စောင့်ကြည့်ရေးစင်တာတွင် ဓါတ်ခွဲအတည်ပြုလူနာတစ်ဦးနှင့် အနီးကပ်ထိတွေ့ခဲ့သည့်အိမ်ထောင်စုများအား တစ်ကိုယ်ရေသုံးပစ္စည်းနှင့် အစားအသောက်များ ထောက်ပံ့ပေးအပ်ခြင်းကို Local Recourse Center ၏ ပံ့ပိုးကူညီမှုဖြင့် သံတောင်ကြီးအမျိုးသမီးများအဖွဲ့က ယမန်နေ့ နေ့လယ်ပိုင်းက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာ ပျားစခန်းကျေးရွာ အ.ထ.ကကျောင်း အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာတွင် အသွားအလာကန့်သတ်ထားရှိသူ အိမ်ထောင်စု(၅)စုရှိ လူဦးရေ (၂၇) ဦးအတွက် တစ်ကိုယ်ရေသုံးပစ္စည်းများဖြစ်သည့် ရေပုံး၊ ရေခွက်၊ ဆပ်ပြာ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ လက်သန့်ဆေးရည်၊ ခြင်ထောင်၊ အဝတ်နှာခေါင်းစည်းစသည်တို့နှင့် လက်ဆေးဘေစင် (၁)ခု၊ အစားအသောက်များကို သံတောင်ကြီးအမျိုးသမီးများအဖွဲ့ ဒါရိုက်တာဒေါ်မာမာချိုက လည်းကောင်း၊ စောဂေဒိုစိုးမှ မျက်နှာကာ(၅၀)ခုတို့ကို ထောက်ပံ့ပေးအပ်ခဲ့ရာ အိမ်ထောင်စုဝင်များနှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးမန်းဒေးတို့က လက်ခံရယူခဲ့သည်။
ထိုနောက်သံတောင်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်နေသည့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား လက်သန့်ဆေးရည်နှင့် မျက်နှာကာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)