၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ရေဦးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ငါးမျိုးစိုက်ထည့်မှု လျာထားချက် ရာနှုန်းပြည့်နီးပါး ပြီးစီးပြီဖြစ်

ရေဦး  စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် ငါးသယံဇာတ တိုးပွားစေရေး၊ ငါးမျိုးပြုန်းတီးမှု တားဆီးကာကွယ်ရေးနှင့် ကျေးလက်နေ ပြည်သူများ စပါးရိက္ခာ ငါးရိက္ခာဖူလုံစေရေးအတွက် မြို့နယ်ပေါင်းသုံးမြို့နယ်ကို တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက တန့်ဆည်မြို့နယ် ရွှေကတော် အုပ်စု မြသိန်းတန်ကွင်း ၊ ကွင်းအမှတ် (၁၁၁၈) တောင်သူ ဦးဆန်းဝင်း၏ မိုးစပါးစိုက်ခင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာက ထုတ်ပြန်ကြေညာထားသော ကျန်းမာရေး ဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီ ငါးမျိုးများစိုက်ထည့်ခဲ့ကြသည်။

ငါးမျိုးများစိုက်ထည့်နိုင်ရေးအတွက် ရေဦးမြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးမြင့်နိုင်က စပါးစိုက်ခင်းအတွင်း ငါးမျိုးစိုက်ထည့်ကြမည့် တောင်သူများအား စပါးခင်းများ အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအကျိုးကျေးဇူးများကို ရှင်းပြခဲ့ပြီး ငါးသားပေါက်များ ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ရေဦးမြို့နယ် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများနှင့် တောင်သူများက ငါးခုံးမကြီး ငါးသားပေါက် (၃၃၇၅) ကောင်၊ ရွှေဝါငါးကြင်း ငါးသားပေါက် (၁၆၂၅)ကောင်၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ(၅၀၀၀)ကို အတူစိုက်ထည့်ခဲ့ကြသည်။

ရေဦးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွက် စပါးစိုက်ခင်း များအတွင်း ငါးမျိုးစိုက်ထည့်မှု လျာထားဧက (၁၈၀)တွင် ငါးသားပေါက်ကောင်ရေ ၉၀,၀၀၀ စိုက်ထည့်ရန် လျာထားခဲ့ရာ ယနေ့အထိ ငါးမျိုးစိုက်ထည့်ခဲ့မှု လျာထားချက်အပေါ် ရာနှုန်းပြည့်နီးပါး စိုက်ထည့်နိုင်ခဲ့ကြောင်း အဆိုပါဌာန တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။

သန်းထိုက် ( ရေဦး )