ပခုက္ကူ စက်တင်ဘာ ၂၆
ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ရွှေ့ပြောင်းရသည့် အနောက်သီရီကျေးရွာ အိမ်ထောင်စုများအတွက် မြေနေရာချထားပေးခြင်းကို ယမန်နေ့ နေ့လယ် ၁၂ နာရီက ရွှေ့ပြောင်းရမည့် ပေါက်တောကွင်း ကွင်းအမှတ် ၄၂၇ တွင် ပေးအပ်သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်းက သဘာဝဘေးအန္တရာယ်ကြောင်း ထိခိုက်ဆုံးရှုံးရသည့် အိမ်ထောင်စုများကို နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီးအစိုးရတို့က အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးနေကြောင်း ကျေးရွာသူ ကျေးရွာသားများ အနေဖြင့်လည်း အတတ်နိုင်ဆုံး ညီညီညွတ်ညွတ် ဆောင်ရွက်စေလို ကြောင်း မှာကြားသည်။
အနောက်သီရိကျေးရွာသည် ဧရာဝတီမြစ်လယ် မြေနုကျွန်းပေါ်တွင် တည်ရှိသောရွာဖြစ်ပြီး ၂၀၁၇ ခုနှစ်က မြစ်ကမ်းပါးပြိုကျမှုဖြစ်စဉ်များ စတင်ဖြစ်ပွားခဲ့သည့်အတွက် ပထမအဆင့် ဘုန်းတော်ကြီးကျောင်း မူလတန်းကျောင်းနှင့် အိမ်ခြေ ၁၃၀ အား ဆိက္ခဝအုပ်စု တန့်ကြည့်တောင်တက် ကားလမ်းဘေးတွင် စတင်နေရာချထားရွှေ့ပြောင်းပေးခဲ့ သည်။ ၂၀၁၉ ခုနှစ်တွင်လည်း ဆက်လက်၍ ကမ်းပါးများပြိုကျနေပြီး ၂၀၂၀ ပြည့်နှစ်တွင် ရွာလယ်အား ဧရာဝတီ မြစ်ရေ ဦးထိုးစီးဆင်းခဲ့ရာ နေစရာမကျန်သည့် အခြေအနေဖြစ်ခဲ့သည့်အတွက် ရွှေ့ပြောင်းရခြင်းဖြစ်ကြောင်း သိရသည်။
အနောက်သီရီကျေးရွာ မြေသစ်ချထားရာသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်း၊ ပခုက္ကူ မြို့နယ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရကျော်စံ၊ လယ်ယာ မြေစီမံခန့်ခွဲရေးနှင့်စာရင်းဦးစီးဌာန သစ်တောဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဝိုင်းကွက်ပေါင်း ၉၇ ကွက်ကို စနစ်တကျမဲနှိုက်၍ ခွဲဝေနေရာချထားပေးခဲ့ ကြောင်းသိရသည်။
ကိုတမာ(ပြန်/ဆက်)