ကော့သောင်းမြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး မီးပွိုင့်စနစ် စတင်အသုံးပြု

ကော့သောင်း စက်တင်ဘာ ၂၆

ကော့သောင်းတွင် ယာဉ်အန္တရာယ် ကင်းရှင်းရေး မီးပွိုင့်စနစ်ကို မြို့၏ ယာဉ်အသွားအလာများပြားရာ နေရာ နှစ်ခုတွင် ယမန်နေ့မှ စတင်အသုံးပြုလျက်ရှိကြောင်း သိရသည်။

ကော့သောင်းမြို့တွင်း လမ်းများအားလုံးသည် AC နိုင်လွန်ကတ္တရာလမ်းများဖြစ်ပြီး လမ်းဖြောင့်ထက် လမ်းကွေ့ များ မြောက်များစွာ တည်ရှိပြီး မြေညီမြေပြန့်ထက် ကုန်းတက်၊ ကုန်းဆင်းနေရာများ အများစုဖြစ်ကာ ယာဉ်မောင်းနှင်သူ အများစုမှာ အရှိန်မြှင့်မောင်းနှင်မှုကို လမ်းဖြောင့်သည့်နေရာနှင့် မြေညီမြေပြန်များရှိရာ လမ်းဆုံနေရာများတွင် အများဆုံး ပြုမှုလေ့ရှိပြီး ခရိုင်မြို့ပြအင်္ဂါရပ်နှင့်အညီ တိုးတက်များပြားလာသည့် ယာဉ်အရေအတွက်နှင့်အတူ  ယာဉ်မတော်တဆမှုများ၊ ယာဉ်တိုက်မှုများကြောင့် နှစ်စဉ်သေဆုံးဒဏ်ရာရမှု ဖြစ်စဉ်များ မြှင့်တက်လျက်ရှိသဖြင့် မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီတို့၏ စီစဉ်မှုဖြင့် မြို့၏ အချက်အချာကျရာ အေးရိပ်ငြိမ်ရပ်ကွက် တော်ဝင်လမ်းဆုံနှင့် ခုနှစ်မိုင်လမ်းဆုံ တို့တွင် မီးပွိုင့်စတင်အသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။

ကော့သောင်းမြို့နယ်တွင် ၂၀၁၉ ခုနှစ် အတွင်းက ယာဉ်မတော်တဆမှု (၇၂)မှု၊ သေဆုံးသူ(၂၃)ဦးနှင့် ထိခိုက်ဒဏ်ရာရသူ (၉၃) ဦးရှိခဲ့ရာ လမ်းအသုံးပြုသူပြည်သူများနှင့် ယာဉ်မောင်းနင်းသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းဝေးစေရေးရည်ရွယ်ကာ မြို့နေယာဉ်မောင်းနှင်သူများအနေဖြင့် အခြားမြို့ပြများသို့ ရောက်ရှိ သည့်အခါ မီးပွိုင့်အသုံးပြုသည့် အလေ့အထများဖြင့် ရင်းနှီးကျွမ်းဝင်မှုဖြစ်စေရန် စတင်ကျင့်သုံးစေလျက်  စတင်အသုံးပြုသည့်ကာလအတောအတွင်း ယာဉ်မောင်းနှင်သူများ အဆင်ပြေလွယ်ကူစေရေး ကော့သောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် တာဝန်ရှိအဖွဲ့စည်းများမှ ကြီးကြပ်ထိန်းကျောင်း လမ်းညွှန်မှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်းလည်း သိရသည်။

ကျော်စိုး (ကော့သောင်း)