သရက်၊ စက်တင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ဖြစ်သည့် အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အသိပညာပေး နှိုးဆော်ခြင်းများကို ယမန်နေ့နံနက် (၉) နာရီက လေးတိုင်စင်ကျေးရွာနှင့် ကုလားစုကျေးရွာများတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းကို သရက်ခရိုင် ပြည်သူ့ကျန်းမာရေးဌာန၊ မဒင်းကျေးလက် ကျန်းမာရေးဌာနနှင့် ရေပေါ်ကျွန်းကျေးလက်ကျန်းမာရေးဌာနခွဲမှ ဝန်ထမ်းများက သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ မိုးတွင်းကာလတွင်ဖြစ်ပွားတတ်သည့်သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး အဓိကသတင်းစကား(၈)ချက်အား အသိပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သောက်သုံးရေကန်များ၊ ရေအိုး၊ ပန်းအိုးများအား အဘိတ်ဆေးခတ်ခြင်း၊ ပိုး လောက်လန်းဘဝမှ ခြင်ဖြစ်မလာစေရန် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် ခြင်ခိုအောင်းနိုင်သည့်နေရာများတွင် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ပြုလုပ်ခဲ့သည်။
အလားတူ သရက်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင်လည်း ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ် ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းနှင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကိုအဖွဲ့များခွဲ၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း ဌက်ဖျားတိုက်ဖျက်ရေးဌာနမှ လက်ထောက်ဌက်ဖျားမှူး ဦးကျော်ထွန်းထံမှ သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)