သရက်ချောင်းမြို့၌ ၂၂ ဘီးတပ် ကုန်တင်ယာဉ် တိမ်းမှောက်မှုဖြစ်ပွား

သရက်ချောင်း စက်တင်ဘာ ၂၅

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့ ပန်းတောရပ်ကွက်၌ ယနေ့နေ့လည် ၂နာရီခွဲခန့် က ၂၂ ဘီးတပ် ကုန်တင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။

ထို ဖြစ်စဉ်မှာ သရက်ချောင်းမြို့နယ် ပန်းတောရပ်ကွက် ထားဝယ်-မြိတ်ကားလမ်း မိုင်တိုင်အမှတ်၊ (၁၇/၅)နှင့်(၁၇/၆)ဖာလုံအကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရမြို့မရဲ စခန်းမှ ဒုရဲအုပ်ဇော်မြင့်နှင့် အဖွဲ့သည် သက်သေများနှင့်သွားရောက်စစ်ဆေးရာ အခင်းဖြစ်ရာတွင် ထားဝယ်ဘက်မှ မြိတ်ဘက်သို့ ယာဉ်မောင်း ဦးနေအောင်ဝင်း(၄၈)နှစ် သာကေတမြို့၊ ရန်ကုန်တိုင်း ဒေသကြီးနေသူ မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ကိုရဲစိုးအောင်(၂၉)နှစ်၊ နှစ်ကျပ်ခွဲကျေးရွာ ကျောက်ပန်းတောင်းမြို့နယ် မန္တလေးတိုင်းဒေသကြီး နေသူ လိုက်ပါလာသော ယာဉ်အမှတ် YGN-3R/----FUSO MISTUBSHI အမျိုးအစား နောက်တွဲပါ(၂၂)ဘီးတပ် ကုန်တင်ယာဉ်သည် Gold တံဆိပ် ဆေးပေါ့လိပ် စက္ကူဖာ(၉၀၀)ဖာ တန်ချိန်(၉)တန်ကျော်ခန့်အား တင်ဆောင်မောင်းနှင်လာရာ ၎င်းနေရာအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်ခြမ်းသို့တိမ်းမှောက်ကာ လမ်းဘေး၌ MPTဖုန်းလိုင်းကြိုးများပြုပြင်ရန် ရပ်နားထားသော ယာဉ်အမှတ် 1F/-----ဒိုင်နာ(အဖြူ)နှင့် ၃၁/ယ------ကလစ်အိုင် 125 ဆိုင်ကယ်တို့အား ၎င်းကုန်တင်ယာဉ်၏ ဘော်ဒီဖြင့် ပွတ်တိုက်မိခဲ့သည်။

အဆိုပါ ယာဉ်တိမ်းမှောက်ဖြစ်စဉ်ကြောင့် ယာဉ်မောင်းတွင် ဒဏ်ရာမရရှိသော်လည်း ယာဉ် နောက်လိုက်တွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့၍ သရက်ချောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ပေးခဲ့သည်။ ယာဉ်မဆင်မခြင်မောင်းနှင်သူ ဦးနေအောင်ဝင်းအား သရက်ချောင်းမြို့မရဲစခန်းမှ ယာဉ်(ပ)၂၇/၂၀၂၀၊ရာဇသတ်ကြီးပုဒ်မ၂၇၉/၃၃၇ ဖြင့်အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

နိုင်ဝင်း(ပြန်/ဆက်)