(၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

ကလေး စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်မှာ အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်မည့် (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်း သွေးလှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းက ကလေးခရိုင် ကုတင် (၃၀၀) ဆံ့ ဆေးရုံကြီး အထူးကုပြင်ပလူနာဌာန၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ထိုသို့လှူဒါန်းရာတွင် ကလေးခရိုင်အတွင်းရှိ ကလေး၊ ကလေးဝ၊ မင်းကင်းမြို့နယ်များမှ အရာရှိနှင့် တပ်ဖွဲ့ဝင်များ၊ မိသားစုဝင် စုစုပေါင်း (၄၃) ဦးတို့မှ စုပေါင်း၍ သွေးလှူဒါန်းခဲ့ ကြပြီး သွေးအလှူရှင်များအား ကလေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ကလေးမြို့ ကုတင် (၃၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးနှင့် လပြည့်ဝန်း အိမ်ဆောက်ပစ္စည်းနှင့် ၉၆၉ ကုမ္ပဏီလီမိတက်မှ ဦးညီညီတို့က ကြက်ဥ၊ ကွေကာအုပ်၊ အအေးဘူး စသည့် ဖြည့်စွက်အဟာရများ ပြန်လည်ပေးအပ်ခဲ့ကြပြီး၊ ကလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ နေ့လယ်စာထမင်းထုတ်များ ဝေငှပေးခဲ့ ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ကလေးခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချို၊ ကလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်မြင့်နိုင်၊ ကလေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးဉာဏ်လှိုင်ဦး၊ ကုတင် (၃၀၀) ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မျိုးဝင်း နှင့် ဌာနဆိုင်ရာများ၊ ကလေးမြို့နယ်အတွင်းရှိ မူးယစ်တပ်ဖွဲ့စု (၅)၊ သတင်း ရဲတပ်ဖွဲ့၊ အမှတ် (၁၀၈) ယာဉ်ထိန်းရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့၊ ရထား ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။

ယနေ့ နေ့လယ်ပိုင်းကလည်း ကလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်မြင့်နိုင်၊ ကလေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးဉာဏ်လှိုင်ဦး နှင့် အဖွဲ့ဝင်များသည် ကလေးမြို့ ချမ်းမြေ့အောင်စည်ရပ်ကွက်ရှိ Kalay Volunteer ရုံးသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်လျှက်ရှိသော လူမှုကူညီရေးယာဉ်များ စက်သုံးဆီ ဝယ်ယူသုံးစွဲရန်နှင့် ကာကွယ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူသုံးစွဲရန်အတွက် အလှူငွေ ၆၅၀၀၀၀ ကျပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သန်းထိုက်အောင် (ပြန်/ဆက်)