လိပ်သိုမြို့တွင် ခွေးလျားသီးပင်များကို စမ်းသပ်စိုက်ပျိုးပြီး ဆေးဝါးအဖြစ်စားသုံးလျက်ရှိ

လိပ်သို  ဇန်နဝါရီ  ၃၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဥယျာဉ်ခြံလုပ်ငန်းများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ဒေသခံတောင်သူများမှာ ဖာလာ၊ ကွမ်းသီး၊ ကော်ဖီ၊ ရော်ဘာစသည့် နှစ်ရှည်သီးနှံပင်များကိုသာ  အဓိကထားစိုက်ပျိုးအသက်မွေးကြရာမှ ယခုအခါစိုက်ပျိုးရေးအသိပညာပေးမှုများကြောင့် ယခင်ကစိုက်ပျိုးသုံးစွဲခဲ့သူ မရှိခဲ့သောနှစ်တိုသီးနှံပင်တစ်ပျိုးဖြစ်သည့် ခွေးလျားသီးပင်များကို  စမ်းသပ်စိုက်ပျိုးခဲ့ကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ထွက်ရှိလာသော ခွေးလျားယားစေ့များကို ဝယ်ယူသူမရှိ၍ ပြန်လည်ရောင်းချနိုင်မှု မရှိခြင်းကြောင့် စီးပွားဖြစ်စိုက်ပျိုးသူမရှိကြောင်းသိရှိရသည်။ စိုက်ပျိုးထားရှိပြီးသူများမှာ ရရှိလာသောအစေ့များကို ဆေးဝါးအဖြစ်လှော်၍စားသုံးကြပြီး အရွက်နုနှင့်အသီးနုများကို ဟင်းအဖြစ်ချက်ပြုတ်စားသုံးကြကြောင်း ခွေးလျားသီးစိုက်ပျိုးသူ တစ်ဦးထံမှသိရသည်။

ခင်လေးနွယ် (လိပ်သို)