ပြည် ဇန်နဝါရီ ၂၉
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ပြည်တက္ကသိုလ်၏ အကြိမ်(၂၀)မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့က အဆိုပါ တက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပရာ ပြည်တက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခဌာနမှူးများ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ မော်ကွန်းထိန်းနှင့်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘ/ဆွေမျိုးများ တက်ရောက်သည်။
ရှေးဦးစွာ ပါမောက္ခချုပ်နှင့်တကွ တာဝန်ရှိသူများက ဘွဲ့နှင်းသဘင် စင်မြင့်ရှိ သတ်မှတ်နေရာအသီးသီး၌ နေရာယူကြပြီး တက်ရောက်လာကြသူများနှင့်အတူ နိုင်ငံတော်သီချင်းဖြင့် နိုင်ငံတော်အလံကို အလေးပြုကြသည်။ ယင်းနောက် ပါမောက္ခချုပ် ဒေါက်တာသက်လွင်က အထူးပြုဘာသာရပ်အလိုက် ဘွဲ့ရရှိသူများကို ဘွဲ့လက်မှတ်များ အသီးသီးအပ်နှင်းချီးမြှင့်သည်။
ပြည်တက္ကသိုလ်၏ အကြိမ်(၂၀)မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို နံနက်ပိုင်းနှင့် မွန်းလွဲပိုင်း နှစ်ပိုင်းခွဲ၍ ကျင်းပခြင်းဖြစ်ပြီး သက်ဆိုင်ရာ အထူးပြုဘာသာရပ်များအလိုက် နံနက် ၉ နာရီတွင် တက်ရောက်ဘွဲ့ (၂၅၈)ဦး၊ အဝေးရောက်ဘွဲ့ (၆၆)ဦးနှင့် စုစုပေါင်း (၃၂၄)ဦး၊ မွန်းလွဲ၂နာရီတွင် တက်ရောက်ဘွဲ့ (၂၅၉)ဦး၊ အဝေးရောက်ဘွဲ့ (၂၆)ဦးနှင့် စုစုပေါင်း(၂၈၅)ဦးတို့အား မဟာဝိဇ္ဇာဘွဲ့၊ မဟာသိပ္ပံဘွဲ့၊ ဝိဇ္ဇာ (ဂုဏ်ထူး)ဘွဲ့၊ သိပ္ပံ (ဂုဏ်ထူး)ဘွဲ့၊ မဟာဥပဒေဘွဲ့၊ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် ဥပဒေဘွဲ့တို့ကို အပ်နှင်းချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)