လွိုင်ကော် ဇန်နဝါရီ ၂၉
(၇၁)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် ပြည်နယ်ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ဇန်နဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုအရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုရှိစေရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးကို အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ဘက်စုံ၊ ထောင့်စုံ၊ ကဏ္ဍစုံမှ တာဝန်ယူ၊ တာဝန်ခံမှုပြည့်ဝစွာဖြင့် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်နယ်ဂုဏ်ကို မြှင့်တင်နိုင်ခဲ့သော အားကစားသမားများနှင့် အခြားကဏ္ဍများတွင် ထူးချွန်သူများကို ပြည်နယ် ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်အပ်နှင်းခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားပြည်သူများ၏ ဆန္ဒဖြစ်သော ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် တိုင်းရင်းသားပြည်သူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက (၇၁)နှစ်မြောက် ကယား ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆု ပစ္စည်းများ၊ ဂုဏ်ပြုမှတ်တမ်းလွှာများကို ဂုဏ်ပြုဆုချီးမြှင့် ခံရသူများ အားလည်းကောင်း၊ (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် ပြခန်းများတွင် ဆုရရှိသည့် ပြခန်းတာဝန်ခံများကိုလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြရာ ဆုရရှိသူများက လက်ခံရယူခဲ့ ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ပြည်နယ်ဂုဏ်ထူး ဆောင်လက်မှတ်၊ ဂုဏ်ထူး ဆောင်ဆုပစ္စည်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခြင်း ခံရသူများနှင့် အတူ အမှတ်တရစုပေါင်း မှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)