တွန်းဇံမြို့၌ စတုတ္ထအကြိမ်အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေး

တွန်းဇံ ဇန်နဝါရီ  ၂၈

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ဒေသခံပြည်သူများ နေ့စဉ်လူမှုဘဝစားသောက်‌ရေးတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်အခြေခံစားသောက်ကုန်ပစ္စည်း (၁၀) မျိုးကို ယနေ့ နံနက် ၉ နာရီအချိန်က ချင်းရွှေပြည်ခန်းမ၌  စတုတ္ထအကြိမ်ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာတွင် ဒေသခံပြည်သူများ အဆင်ပြေလွယ်ကူစွာ ဝယ်ယူနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်း‌အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍  အခြေခံစားသောက်ကုန်များဖြစ်‌သော ပစ္စည်း(၁၀)မျိုးအား လက်ရှိပေါက်ဈေး၏ ၂၀% နှုန်း လျော့၍ ရောင်းချပေးခဲ့သည်။

အဆိုပါ စတုတ္ထအကြိမ် အခြေခံစားသောက်ကုန်များ ရောင်းချရာ၌ ဆန်(ဧရာမင်း)တစ်အိတ် ၅၂၀၀၀ နှုန်းဖြင့် အိတ်(၁၀၀)၊နေကြာဆီ တစ်ပိဿာ ၈၀၀၀ နှုန်းဖြင့် (၄၂၃) ပိဿာ၊ ကြက်သွန်နီ တစ်ပိဿာ ၃၂၀၀ နှုန်းဖြင့် (၃၀) ပိဿာ၊ ကြက်သွန်ဖြူ တစ်ပိဿာ ၄၄၀၀ နှုန်းဖြင့် (၂၀) ပိဿာ၊ ဆားတစ်ထုပ် ၈၀၀ နှုန်းဖြင့် အထုတ်(၂၀) သကြားတစ်ပိဿာ ၂၄၀၀ နှုန်းဖြင့် (၆၀)ပိဿာ၊ ကုလားပဲ တစ်ပိဿာ ၄၈၀၀ နှုန်းဖြင့် (၆၀)ပိဿာ၊ အာလူး တစ်ပိဿာ ၂၄၀၀ နှုန်းဖြင့် (၃၀) ပိဿာ၊ မာမီးခေါက်ဆွဲခြောက်တစ်ဖာ ၈၈၀၀ နှုန်းဖြင့် (၄၀)ဖာ၊ ကြက်ဥ တစ်လုံး ၂၀၀ ကျပ်နှုန်းဖြင့် အလုံးရေ(၃၀၀၀) ကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဇိုဇွန်းပါလ် (ပြန်/ ဆက်)