ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ လျော့နည်းပပျောက်ရေးအတွက် နှာခေါင်းစည်း၊ ကာဘော်လစ် ဆပ်ပြာများနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ကဝ စက်တင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနနှင့် မုတ္တမပင်လယ်ကွေ့ စီမံချက်အဖွဲ့ တို့သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းပပျောက်စေရေးအတွက် ကဝမြို့အတွင်း ဝင်ထွက် သွားလာကြသည့် ပြည်သူများအား နှာခေါင်းစည်းနှင့် ကာဘော်လိပ်ဆပ်ပြာများ အခမဲ့ဖြန့်ဝေ ပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က ကဝမြို့အဝင်သစ်ဆိုင်အနီး၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါအဖွဲ့သည် ကဝမြို့တွင်း ဝင်ထွက်သွားလာကြသူများအား တစ်ဦးလျှင် နှာခေါင်းစည်းတစ်ခု၊ ကာဘော်လစ် ဆပ်ပြာတစ်ခုနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းမှ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာဝန်ထမ်း များက ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)