မင်းဘူး ဇန်နဝါရီ ၂၈
မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် ကျေးလက်ဒေသ တောရွာများတွင် အသုံးပြုသော နွားလှည်းများမှာ (၁) လှည်းယဉ် (၂)ခြံအိမ်လှည်း၊ (၃) ပေါင်းမိုးလှည်း၊ (၄) လှည်းမြီးတို၊ (၅) ရေစည်လှည်း၊ (၆) ဘုံလျှိုလှည်း၊ (၇) မယားကန်လှည်းဟူ၍ နွားလှည်းခုနှစ်မျိုးရှိသည့်အနက် လှည်းယဉ်ကျော့ (ခေါ်) နွားလှည်းယဉ်လည်း တစ်မျိုးအပါဝင်ဖြစ်သည်။ နွားလှည်းယဉ်ဆိုသည်မှာ ခြောက်စတောင် ပွတ်လုံးရံတိုင်ကဲ့သို့ လှည်းအိမ်ကို အလှအပများနဲ့ ပြင်ဆင်မွမ်းမံထားသော အလှစီး လှည်းတစ်မျိုး ဖြစ်သည်။
နွားလှည်းယဉ်တွင် ဆင်စွယ်ညွတ် ဇင်ယော်တောင် မွန်းတည့်ကောက်ဟူ၍ သုံးမျိုးသုံးစား ရှိသေးသည်။ ထိုလှည်းယဉ်သည် အလှူမင်္ဂလာ ပွဲလမ်းသဘင်များတွင် နွားအလှယဉ် ပြိုင်ပွဲများအဖြစ်လည်းကောင်း၊ ဘုန်းတော်ကြီးများ ပင့်ဆောင်ရာတွင်လည်းကောင်း နွားလှည်းယဉ်ကို အသုံးပြုကြသည်။ တစ်ချို့ ကျေးရွာများက မိမိတို့ကိုးကွယ်ဆည်းကပ်သည့် ဆရာတော် သံဃာတော်များ သွားရေးလာရေး အဆင်ပြေစေရန် လှည်းယဉ်ကို လှူဒါန်းကြသေးသည်။ နွားလှည်းယဉ်သည် အလှစီးသက်သက်ဖြစ်ပြီး လူငါးဦးသာစီးနိုင်သည်။ ရှေးအခါက ရှင်လောင်းလှည့်သည့်အခါ မောင်ရင်လောင်းများကို နွားလှည်းယဉ်ပေါ်တင်ပြီး လှည့်ကြရာ ကြည်နူးဖွယ်ဖြစ်ရပါသည်။ နွားလှည်းယဉ်ကို ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်စသဖြင့် ခေတ်အသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့် အသုံးပြုကြသော်လည်း နှောင်းခေတ်ကာလတွင် တောဓလေ့သဘာဝနှင့် လိုက်ရောညီထွေမှုရှိစေသည့် လှည်းယဉ်ကို ပြုပြင်တည်ဆောက် အသုံးပြုလာကြသည်။
ယခုခေတ်တွင် ပြည်ပမှ ခေတ်မီဆန်းသစ်သော နည်းပညာ၊ အတတ်ပညာများဖြင့်၊ မော်တော်ကားအမျိုးမျိုး၊ မော်တော်ဆိုင်ကယ် အမျိုးမျိုးတို့ ဝင်ရောက်ထိုးဖောက် နေရာယူကြသော်လည်း ကျေးလက် ဒေသများတွင် ရိုးရာဓလေ့သုံး နွားလှည်းယဉ်များကို ဆက်လက်၍ တွင်ကျယ်စွာ အသုံးပြု နေကြသည့်အတွက် အားရစရာတစ်ခုဖြစ်ရပါသည်။ ထိုကဲ့သို့မြန်မာ့ယဉ်ကျေးမှု မြန်မာ့အမွေအနှစ် အမှတ်တရများကို ယနေ့အထိ တွေ့မြင်နိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ထားကြသည်မှာ ဂုဏ်ယူစရာကောင်းလှပါသည်။ ရှေးယခင်ကတည်းက ခိုင်မာစွာတည်ရှိနေသော မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ကျေးလက်ဒေသ ရိုးရာဓလေ့များကို ဖော်ဆောင်ပေးသော လှည်းယဉ်ကျော့ (ခေါ်) နွားလှည်းယဉ်များတိမ်ငုပ် ပျောက်ကွယ်မသွားအောင် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်သွားရန် လိုအပ်ပါတော့သည်။
ဇေယျာထက်(ပြန်/ ဆက်)