ဖလမ်း ဇန်နဝါရီ ၂၈
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ လူငယ်စကား ဝိုင်းဆွေးနွေးပွဲနှင့်ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီလ ၂၇ ရက်၊ ညနေပိုင်းက အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းဦးဗန်ကြီး ခန်းမ၌ကျင်းပသည်။
ဖလမ်းမြို့၌အခြေခံပညာ ဦးစီးဌာနနှင့်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း ကျင်းပသော ဗလငါးတန်ဖွံ့ဖြိုးတိုး တက်ရေး ခေါင်းစဉ်ဖြင့်လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ညနေ ၁ နာရီအချိန်တွင်စတင်ကျင်းပ ပြုလုပ်ရာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဦးရှိန်တမ်က ကျောင်းသား/သူများစာပေဖတ်ရှု လေ့လာမှတ်သား တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ လူအများကြား ဆွေးနွေးပြောဆိုတတ်သည့် အလေ့အထများ ဖြစ်လာစေရန်၊အသိပညာဗဟုဟုတကြွယ်ဝသည့် ကျောင်းသား လူငယ်များဖြစ် လာစေရန်နှင့် အစုအဖွဲ့ဖြင့် ပြောဆိုတတ်သည့်အလေ့အကျင့်များ ဖြစ်လာစေရန် ရည်ရွယ်ချက် များဖြင့်လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပရ ခြင်းဖြစ် ကြောင်းဆွေးနွေး ပြောကြားသည်။
ဆက်လက်၍လက်ထောက်ညွှန်ကြားရေးမှူး ဦးရှိန်းတမ်ဦးဆောင်မှုဖြင့် အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသူမငွန်ရှန်းပါရ်နှင့် မကျုံးစင်မွေး၊အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း မှကျောင်းသား မောင်ခန့်စည်သူနိုင်နှင့် ကျောင်းသူမချောနဒီ၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူမဗန်အဲမ်းမွေဟုန်းတို့က ဗလငါးတန်ဖွံ့ဖြိုး တိုးတက်ရေးခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ညနေ ၂ နာရီ အချိန်တွင် ဆက်လက်ကျင်းပရာ ဖလမ်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးရှိန်းတမ်က မြန်မာနိုင်ငံသည်သာယာဝ ပြောပြီးငြိမ်းချမ်းသော ဒီမိုကရေစီနိုင်ငံတော်သို့ဦးတည်လျှောက်လှမ်းလျက် ရှိကြောင်း၊ ထိုသို့လျောက် လှမ်းရာတွင် လူ့စွမ်းအားအရင်း အမြစ်သည် မြန်မာနိုင်ငံ၏ ရေရှည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ သောဖွံ့ဖြိုးတိုးတက် မှုဖြစ်ပေါ်ရေးအတွက် အရေးပါကြောင်း၊ အနာဂတ် ကာလတွင် အနာဂတ်ကြယ်ပွင့် ကလေးများ ဖြစ်သော ကလေးသူငယ်များအရွယ်မတိုင်မီ အလုပ်လုပ်ကိုင်ခြင်းများ ပပျောက်၍ ပညာသင်ကြားမှု၊ အသက်မွေးဝမ်း ကျောင်းပြုပညာရပ်များ တတ်မြောက်စေရေး အတွက်ဦးတည်၍ ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားပြီးကလေး အလုပ်သမားပပျောက်ရေး ဆိုင်ရာများအသိပညာပေးဟော ပြောဆွေးနွေးသည်။ ဆက်လက်၍ ဖလမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးမျိုးဝင်းနှင့် မြို့နယ်ပညာရေးမှူး ဦးဟုမ်ဇထန်းတို့က ကလေးအလုပ် သမားပပျောက်ရေး အသိပညာပေး ဟောပြောဆွေးနွေး ကြသည်။ ထို့နောက် ကလေးအလုပ်သာမား ဟူသည်အဘယ်နည်း လက်ကမ်းစာ စောင်ကိုဖြန့် ဝေကြသည်။
အဆိုပါလူငယ်စကားဝိုင်း ဆွေးနွေးပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲသို့ ဖလမ်းခရိုင်ပညာ ရေးမှူး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းဆရာ/ မများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ရဲမြင့်အောင်