ကော့ကရိတ်မြို့၌ မော်တော်ယာဉ်များဖောင်းကြွနံပါတ်ပြား အသစ်လဲလှယ်တပ်ဆင်နိုင်ရေး ပညာပေးလှုပ်ရှားမှုဆောင်ရွက်

ကော့ကရိတ် ဇန်နဝါရီ ၂၇

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် မော်တော်ယာဉ်များ ဖောင်းကြွနံပါတ်ပြားအသစ် ရာနှုန်းလဲလှယ်တပ်ဆင်နိုင်ရေး ပညာပေးလှုပ်ရှားဆောင်ရွက်မှုကို ယနေ့နံနက် (၈) နာရီအချိန်က ကော့ကရိတ်မြို့အဝင် ကြာပန်းဝိုင်းလမ်းဆုံရှိ မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီး၌ တာဝန်ရှိသူများက ပညာပေးဆောင်ရွက်မှုပြုလုပ်ခဲ့ကြသည်။

ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် (၁-၇-၂၀၂၁)ရက်နေ့မှစ၍ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ နိုင်ငံတကာတွင်အသုံးပြုနေသည့် မော်တော်ယာဉ်နံပါတ်များနည်းတူ လုံခြုံရေးပိုင်းဆိုင်ရာအချက်အလက်များ (Security Feature)များ တိုင်းဒေသကြီး/ ပြည်နယ်ဒေသဖော်ပြချက်ပါရှိရာအပြင် မြို့နယ်ဂဏန်းဖော်ပြချက်နှင့် မော်တော်ယာဉ်အမျိုးအစားဖော်ပြချက်တို့ပါရှိသည့် ဖောင်းကြွနံပါတ်ပြားအသစ်များ ပြောင်းလဲထုတ်ပေးထားကြောင်း ၄င်းဖောင်းကြွနံပါတ်ပြားအသစ်များအား နိုင်ငံပိုင်ဌာနဆိုင်ရာ မော်တော်ယာဉ်များအဖွဲ့အစည်းအသီးသီးပိုင် မော်တော်ယာဉ်များ၊ ပုဂ္ဂလိကပိုင်မော်တော်ယာဉ်များအနေဖြင့် (၃၀-၃-၂၀၂၃)ရက်နေ့တွင် အပြီးလဲလှယ် တပ်ဆင်နိုင်ရေး ယာဉ်မောင်းယာဉ်ပိုင်ရှင်များကို အသိပညာပေးနှိုဆော်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကော့ကရိတ်ခရိုင် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညွှန့်ဦး ဦးဆောင်၍ အမှတ်(၇၁) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ဦးအောင်ကိုဦးနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လုပ်ငန်းလိုင်စင်နှင့်သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့မှ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်မျိုးဝင်း