ဘားအံ စက်တင်ဘာ၂၅
ကရင်ပြည်နယ်၊ ဘားအံမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော တန်(၉၀၀)ဘိလပ်မြေ စက်ရုံမှ အာမခံအလုပ်သမားတစ်ဦးသည် အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူမိသားစုအား လူမှုဖူလုံရေးအကျိုးခံစားခွင့် ငွေကျပ် ၉၀၀၀၀၀၀(သိန်းကိုးဆယ်)ကို ယနေ့ နံနက် ၁၁ နာရီခန့်က မြို့နယ် လူမှုဖူလုံးရေးရုံးတွင် ထုတ်ပေးခဲ့သည်။
ထိုသို့ထုတ်ပေးရာတွင် ကရင်ပြည်နယ်လူမှုဖူလုံရေးရုံး ပြည်နယ်တာဝန်ခံအရာရှိ ဦးဝင်းဦးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိ ဦးမြသွေးနိုင်က ၂၀၁၂ လူမှုဖူလုံရေးဥပဒေနှင့်အညီ မှတ်ပုံတင် ထားရှိ ခြင်းဖြင့် ရရှိလာမည့်အကျိုးခံစားခွင့်များအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တန်(၉၀၀)ဘိလပ်မြေစက်ရုံမှ အလုပ်တွင်ထိခိုက်သေဆုံးသူ၏ ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ် သိန်းကိုးဆယ်အား ပြည်နယ်လူမှုဖူလုံရေးရုံး တာဝန်ခံအရာရှိ ဦးဝင်းဦးက သေဆုံးသူ၏ သမီးဖြစ်သူထံပေးအပ်ခဲ့ပြီး တန်(၉၀၀)ဘိလပ်မြေစက်ရုံ လက်ထောက်စက်ရုံမှူးဦးမင်းမြင့်ဖေက ကျန်ရစ်သူမိသားစုကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
စောမျိုးမင်းသိန်း