မကွေးမြို့အဝင်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထား

မကွေး     စက်တင်ဘာ      ၂၅

မကွေးမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၅) ဦး ရှိလာပြီဖြစ်တာကြောင့် မကွေးမြို့ အဝင် ကန်ပြားစစ်ဆေးရေးဂိတ်နဲ့ မကြီးကန် စစ်ဆေးရေးဂိတ် ယာယီကုန်တင်ယာဉ်ရပ်နား စခန်းတွင် ကိုစေ်-၁၉ ရောဂါကာကွယ်တားဆီးရေးအတွက် စစ်ဆေးမှု များ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မကွေးမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာ၊မကွေးမြို့နယ်ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းကာ ကုန်တင်ကား၊ အိမ်စီးကားနှင့် ဆိုင်ကယ်များကို စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ပြီး၊ မကွေးတိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှု အခက်အခဲမရှိစေဖို့အတွက် ကုန်တင်ကား ဝင်ထွက်သွားလာမှုများကို မကွေးမြို့ အနီး မကြီးကန်ကျေးရွာ  အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကို ယာယီယာဉ် ရပ်နားစခန်းအဖြစ် ဖွင့်လှစ်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စီစစ်မှုများ လုပ်ဆောင်နေတာ ဖြစ်ကြောင်း သိရသည်။

ကုန်တင်ယာဉ်မောင်းများ အနေဖြင့် မကြီးကန် အ.ထ.က(ခွဲ) ကျောင်းထဲမှာ သီးခြား အဆောင်များထားရှိပြီး မြို့ထဲကို ဝင်ရောက် သွားလာခြင်းမပြုရန်နဲ့ မကွေးမြို့အတွင်းကို ကုန်စည်တွေ ဆက်လက်ပို့ဆောင်မယ်ဆိုရင် မြို့တွင်းမှ ယာဉ်မောင်း၊ ယာဉ်နောက် လိုက်နဲ့သာ ကုန်စည်တွေ ပို့ဆောင်ဖို့ ညွှန်ကြားထားပြီးဖြစ်တယ်လို့ မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က ပြောသည်။

မကွေးမြို့တွင်း ဝင်ရောက်မည့် ကုန်တင်ယာဉ်များအနက် Stay at Home ဒေသမှ လာရောက် မယ့် ယာဉ်များအားလုံး မကွေးမြို့မှာ ခရီးစဉ်ပြီးဆုံးလို့ ချက်ခြင်းပြန်လည်ထွက်ခွာမည် ဆိုပါက Facility Quarantine ဝင်စရာမလိုပ၊ဲ ချက်ခြင်းပြန်လည် မထွက်ခွာမည့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ အနေနဲ့ကတော့ Facility Quarantine ဝင်ရောက်ရမှာဘဲ ဖြစ်ပါတယ်ဟု ၎င်းကဆိုသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြီး ကူးစက်ပြန့်နှံ့မှု အရှိန်အဟုန် ကျဆင်းသွားပြီး နိုင်နင်းတဲ့ အခြေ အနေကို အမြန်ဆုံးရောက်ရှိဖို့ မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ပြည်သူများ ဝိုင်းဝန်းပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)