ကျောင်းကုန်းမြို့တွင်းသို့ ကုန်တင်မော်တော်ယာဉ်များ ဝင်ခွင့်ပိတ်ပင်မည်

ကျောင်းကုန်း စက်တင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့တွင်းသို့ ကုန်တင်မော်တော်ယာဉ်များ မဝင်ရောက်စေရေးကို အထွေထွေ အုပ်ချုပ်ရေးရုံး အေးချမ်းသာယာခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေး ဆုံးဖြတ်ချက်အရ ယနေ့မှ စတင်ကာ ပိတ်ပင်တော့မည်ဟု သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ကျောင်းကုန်း မြို့နေ ကုန်တင်မော်တော်ယာဉ်ပိုင်ရှင်များ တွေ့ဆုံကာ ရန်ကုန်တိုင်းဒေသကြီးပြန် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကန့်သတ် ထားရှိနိုင်ရေး ‌ဆွေးနွေးခဲ့ကြသည်။

ကျောင်းကုန်းမြို့မှ နေ့စဉ် ရန်ကုန်မြို့သို့ ကုန်တင်ပို့/သယ်ယူနေသည့် မော်တော်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များအား အ..က()တွင် သီးခြားနေထိုင်စေ၍ အဆိုပါမော်တော်ယာဉ် ရန်ကုန်သို့ ပြန်လည် ထွက်ခွာမည့်အချိန်မှသာ လိုက်ပါမောင်းနှင်ရန်၊ ရန်ကုန်မြို့မှလာသော မော်တော်ယာဉ်များ မြို့ဝင် ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံအနီးတွင်ရပ်၍ မြို့တွင်းမှသွားရောက် သယ်ယူရန်တို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်မှု ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့်အဖွဲ့ဝင်များ၊ မြို့နယ် မ..က ဥက္ကဋ္ဌနှင့် ကုန်တင် မော်တော်ယာဉ်ပိုင်ရှင်များ တက်ရောက်ခဲ့ကြပြီး မရှင်းလင်းသည်တို့ ပြန်လည်မေးမြန်း ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)