ပွင့်ဖြူ စက်တင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် ဦးဆောင်သော ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မ စည်ပင်သာယာဈေးနှင့် မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း ဖွင့်လှစ်ရောင်းလျက်ရှိသော ယာယီပျံကျဈေးသို့ သွားရောက်ပြီး ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေး ဈေးရောင်းဈေးဝယ်သူများ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့မစည်ပင်သာယာဈေးနှင့် ယာယီပျံကျဈေးအတွင်းရှိ ဈေးရောင်းဈေးဝယ်သူများ အနေဖြင့် ကိုဗစ် - ၁၉ ရောဂါမဖြစ်ပွားစေရေးအတွက် စားသောက်ကုန်ပစ္စည်းများ ရောင်းချရာ၌ ပါးစပ် နှာခေါင်းစည်း(Mask) များ ၊ လက်အိတ်များ ၊ မျက်နှာအကာ(Face Shield)များ စနစ်တကျ တပ်ဆင်ရောင်းချရန် ၊ ဈေးအတွင်းမဝင်မီ လက်ဆေးဘေစင်တွင် စနစ်တကျ လက်ဆေးကြရန် ၊ လူစုလူဝေး မဖြစ်ပေါ်စေရန် စီစဉ်ပေးထားသော (၆)ပေအကွာ သတ်မှတ်နေရာတွင်သာ ဈေးရောင်းချကြရန် ၊ ဈေးရောင်းချပြီးပါက ဈေးဆိုင်ခန်းဝန်းကျင် သန့်ရှင်းရေး ပြုလုပ် ဆောင်ရွက်ကြရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေး လမ်းညွှန်ချက် များကို အလေးထား လိုက်နာဆောင်ရွက်သွားကြရန်တို့ကို ဈေးသူဈေးသားများအား အသိပညာပေး ဆွေးနွေး ဟောပြော ခဲ့သည်။
ထို့နောက် တာဝန်ရှိသူများအဖွဲ့က ဈေးများအတွင်း ဈေးရောင်းဈေးဝယ်များ ကိုဗစ် - ၁၉ ရောဂါ ကြိုတင် ကာကွယ်ရန်အတွက် လိုက်နာရန် ထုတ်ပြန်ထားရှိသော စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ရောင်းချခြင်း ရှိ/ မရှိ လိုက်လံစစ်ဆေးခဲ့ကြကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်း ထံက သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )