တွန်းဇံမြို့၌ အတွင်းအောင်ခြင်း(၈)ပါး၊ အပြင်အောင်ခြင်း(၈)ပါး ဓဇဂ္ဂသုတ် ပါဠိတော် အလင်္ကာဂါထာတော်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့် ကုသိုလ်ပြု ဘုရားစေတီရင်ပြင်သန့်ရှင်းရေးဆောင်ရွက်

တွန်းဇံ ဇန်နဝါရီ ၂၈

ချင်းပြည်နယ် တွန်းဇံမြို့နယ်အတွင်း ဘေးဥပါဒ်အန္တရာယ်များ ကင်းစင်အေးချမ်းရေးအတွက် အတွင်းအောင်ခြင်း(၈)ပါး၊ အပြင်အောင်ခြင်း(၈)ပါး၊ ဓဇဂ္ဂသုတ်ပါ‌ဠိ‌တော် အလင်္ကာဂါထာရွတ်ဖတ်ပူဇော်ခြင်းနှင့်  ကုသိုလ်ပြု ဘုရားစေတီရင်ပြင် စုပေါင်းသန့်ရှင်းရေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ ဗုဒ္ဓဘာသာဝင်များက ဇန်နဝါရီလ ၂၇ ရက်နေ့က ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ‌အတွင်း‌အောင်ခြင်း(၈)ပါး၊ အပြင်အောင်ခြင်း(၈)ပါး၊ ဓဇဂ္ဂသုတ် ပါဠိတော် အလင်္ကာဂါထာရွတ်ဖတ်ပူဇော်ခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံး၌ နံနက် ၈ နာရီ ၁၀ မိနစ် အချိန်က မြို့နယ်သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးအောင်သီဟက ဦးဆောင်၍ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

ထို့နောက် ညနေပိုင်းတွင် ခေါဝုန်လေးဆန်ရပ်ကွက်ရှိ ထေရဝါဒသာသနာပြုကျောင်း (တောင်တန်း သာသနာပြုကျောင်း) ဘုရားစေတီရင်ပြင်၌ ကုသိုလ်ပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

ဇိုဇွန်းပါလ်