ဖားဆောင်း ဇန်နဝါရီ ၂၇
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဦးစီးဌာန၊ ဖားဆောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံ၊အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးက သင်တန်းမှရရှိသော စာတွေ့လက်တွေ့ပညာများကို လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာအသုံးချတတ်စေရန် အဖွင့်အမှာစကားပြောကြားပြီး ဘောလခဲခရိုင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစံမြက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ မိသားစုတွင်းတစ်ဖက်တစ်လမ်းမှ ဝင်ငွေတိုးစေ၍ စားဝတ်နေရေးပြေလည်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်သောကြောင့် သင်တန်းမှပို့ချသည့် ဘာသာရပ်များအား စိတ်ဝင်စားစွာလေ့လာသင်ယူခြင်းဖြင့် မိမိဘဝတက်လှမ်းတိုးတက်မြှင့်မားလာအောင် ကြိုးစားသင်ယူကြစေလိုကြောင်း ထပ်ဆင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် သင်တန်းနည်းပြဆရာမမှ သင်တန်းတွင်ပို့ချအမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအခြေခံ၊အဆင့်မြင့်အပ်ချုပ်စက်သင်တန်းကို ရက်ပေါင်း(၄၀)ကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသူ(၂၀)ဦးတက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းတွင် လက်တွေ့သင်ခန်းစာပို့ချနေမှုအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦး၊ ဘောလခဲခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးစံမြနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)