စစ်ကိုင်းမြို့တွင် နေအိမ်ပြင်ပ မဖြစ်မနေ ထွက်လာသူ ပြည်သူများအား နှာခေါင်းစည်း တပ်ဆင်ရေးနှိုးဆော်ကာ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

စစ်ကိုင်း စက်တင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် လျက်ရှိရာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူငယ်ရေးရာ ကော်မတီတို့ ပူးပေါင်း၍ ယမန်နေ့က စစ်ကိုင်းမြို့၏ အချက်အခြာကျသည့် လမ်းဆုံနေရာများတွင် ယာဉ်ထိန်း ရဲတပ်ဖွဲ့များ၏ ကူညီဆောင်ရွက်ပေးမှုဖြင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြ ကြောင်းသိရသည်။

"ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ခရိုင်ထွေ/ အုပ်နဲ့ ကျွန်တော်တို့ လူငယ် ရေးရာကော်မတီတို့ ပူးပေါင်းပြီး  နှာခေါင်းစည်းတွေ ဖြန့်ဝေပေးတာပါ အားလုံးနှာခေါင်းစည်း အခ(၆၀၀၀)ကို စစ်ကိုင်း၊ မြင်းမူ၊ မြောင်မြို့နယ်တွေမှာရှိတဲ့ ပြည်သူတွေကို အခမဲ့ဖြန့်ဝေပေးသွားမှာပါ နှာခေါင်းစည်းများ တပ်ဆင်သွားလာခြင်းအားဖြင့် ရောဂါကူးစက်မှုလျော့နည်း သွားနိုင်ပါတယ် အခုဆိုရင် ဒီရောဂါက နေရာဒေသ အသီးသီးမှာ ပျံ့နှံ့လို့ လာနေပါပြီး တစ်ဦးတစ် ယောက်ကအစ ကျန်းမာရေး အသိရှိမှ စည်းကမ်းရှိမှ ထိန်းသိမ်းနိုင်မှာပါ " ဟု လူငယ်ရေးရာကော်မတီအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြ ၍သိရသည်။

စစ်ကိုင်းမြို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များ၊ အလှူရှင်များကလည်း နှာခေါင်းစည်းများဖြန့်ဝေခြင်း၊ လက်သန့် ဆေးရည်များ ဆေးကြောပေးခြင်းနှင့် အသိပညာပေး လုပ်ငန်း များကိုလည်း ဆောင်ရွက်ပေးနေကြကြောင်းသိရသည်။

ဇော်မြင့်နိုင်