ကန်ကြီးထောင့် စက်တင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ အလုပ်ပေး ငွေပေး (Cash For Work) စီမံကိန်းဖြင့် မြို့နယ်အတွင်း ကျေးရွာ ၈ ရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများကို ဇူလိုင်လမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ပထမပတ်တွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အလုပ်ပေး ငွေပေး စီမံကိန်းမှ ကျေးရွာတစ်ရွာလျှင် ထောက်ပံ့ရန်ပုံငွေကျပ် သိန်း ၁၀၀ စီ ဖြင့် ပေပင်ကြီးကျေးရွာ၊ လယ်တီ၊ အစုကြီး၊ ရိုးကြီး၊ ကျုံဒရယ်၊ ဝဲချောင်း၊ ကွမ်းသီးပင်ဆိပ်၊ ကျီး တော(တောင်)ကျေးရွာတို့တွင် အုတ်ဘောင်ခတ် သဲခင်းခြင်းလုပ်ငန်း၊ Box Culvert တည်ဆောက် ခြင်း၊ ရေမြောင်းတူးဖော်ခြင်း၊ ကျေးရွာတွင်း မြေသားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း စသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရွာသူ၊ ရွာသားများကိုယ်တိုင် ၎င်းတို့၏ လုပ်အားများဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ပထမပတ်တွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ပြီးစီး သွားပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကျေးလက်နေပြည်သူများ ကိုဗစ်-၁၉ ရောဂါကာလအတွင်း အလုပ်အကိုင်ရှားပါးလာမှုနှင့် စားဝတ် နေရေးအခက်အခဲများအပေါ် ကုစားနိုင်ရန်အတွက် CERP အရ ဆောင်ရွက်သည့် အလုပ်ပေး ငွေပေး (Cash For Work) စီမံကိန်းကြောင့် ကျေးလက်ဒေသများ မြို့ပြနှင့်မခြားဖွံ့ဖြိုးတိုးတက်လာသလို ရွာသူ၊ ရွာသားများလည်း အလုပ်အကိုင်၊ ဝင်ငွေများရရှိသည့်အတွက် များစွာဝမ်းသာမိကြောင်း စီမံကိန်းကျေးရွာမှဒေသခံတစ်ဦးက ပြောသည်။
နန်းထိုက် (ပြန်/ဆက်)