ပဲခူးတက္ကသိုလ် ၂ဝ၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘက်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပ

ပဲခူး ဇန်နဝါရီ ၂၇

ပဲခူးတက္ကသိုလ် ၂ဝ၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘက်စကက်ဘောပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ပဲခူးတက္ကသိုလ်(အားကစားရုံ)၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ပဲခူးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ ကြည့်ရှုအားပေးခဲ့ကြသည်။

အမျိုးသမီးဘက်စကက်ဘော ဗိုလ်လုပွဲတွင် သမိုင်းအသင်းနှင့် သတ္တဗေဒအသင်းတို့ယှဉ်ပြိုင်ကစားကြရာ သတ္တဗေဒအသင်းမှလည်းကောင်း၊ အမျိုးသားဘက်စကက်ဘောဗိုလ်လုပွဲတွင် သမိုင်းအသင်းနှင့် ဘူမိဗေဒအသင်းတို့ယှဉ်ပြိုင်ကစားကြရာ သမိုင်းအသင်းမှလည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြသည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ ဒိုင်လူကြီးများအား ဂုဏ်ပြုလက်ဆောင်အားလည်းကောင်း၊ အမျိုးသမီးဘက်စကက်ဘောပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုရရှိသော သတ္တဗေဒအသင်းမှ မသင်းအိဝေ၊ အမျိုးသားဘက်စကက်ဘောပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသော သမိုင်းအသင်းမှ မောင်ခိုင်ဇော်ထွေး၊ အမျိုးသမီးဘက်စကက်ဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသော သမိုင်းအသင်း၊ အမျိုးသားဘက်စကက်ဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ဘူမိဗေဒအသင်း၊ အမျိုးသမီးဘက်စကက်ဘောပြိုင်ပွဲတွင် ပထမဆုရရှိသော သတ္တဗေဒအသင်းအား အမျိုးသားဘက်စကက်ဘောပြိုင်ပွဲတွင် ပထမဆုရရှိသော သမိုင်းအသင်းတို့အား ဆုတံဆိပ်နှင့် တံခွန်စိုက်ဒိုင်းတို့အား  လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံအဆင့် သင်တန်းသားများအတွက် ဝတ်စုံစရိတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုရရှိသောအသင်းများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)