(၇၅) နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်

ဟားခါး ဇန်နဝါရီ ၂၇

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယနေ့ပြုလုပ်သည့် အစည်းအဝေးသည် စိန်ရတုချင်းအမျိုးသားနေ့ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် ပြုလုပ်သည့် အစည်းအဝေးဖြစ်ပါကြောင်း၊ ယခင် ပထမအကြိမ်အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ရန် ကျန်၊  လိုအပ်သည့်အချက်များနှင့် ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးတင်ပြပေးစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက် ရန်ကျန်၊ ဆက်လက်ပံ့ပိုးဆောင်ရွက်ရန် လိုအပ်သည့်အချက်များကို Power Point ဖြင့် ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် တင်ပြချက်များအပေါ် (၇၅)နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်း တို့က အကြံပြုဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ဆွေးနွေးတင်ပြကာ တင်ပြဆွေးနွေးချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က  လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်  (ပြန်/ဆက်)