ကြို့ပင်ကောက်မြို့၌ မြို့အဝင်ဂိတ်ဖွင့်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကြို့ပင်ကောက် စက်တင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ ဂုမ္မကွင်းအုပ်စုသာယာကုန်းကျေးရွာ ရန်ကုန်-ပြည်ကားလမ်း PPK ဓာတ်ဆီဆိုင် ရှေ့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးစခန်း မြို့အဝင်ဂိတ်ကို ယနေ့ နံနက် ၈ နာရီမှ စဖွင့်၍ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ကျန်းမာရေးစစ်ဆေးမှုများ သက်ဆိုင်ရာ မြို့နယ်ရပ်ကွက်များ၏ ခရီးသွား လာခွင့် ထောက်ခံချက်များ ပါ/မပါ စစ်ဆေးပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာ ပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှု‌များ မြင့်မားနေသောကြောင့် မြို့နယ်အတွင်း ကူးစက်ပျံ့နှံ့မှု‌တွေမရှိစေ ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လာကြသူများကို အဓိကထားပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီရဲ့ လမ်းညွှန်မှုနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်း တွေကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးစခန်း၌ ကြိုတင်ကာကွယ်‌ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် မြို့နယ်ဒုတိယအုပ်ချုပ်ရေး မှူးက ပြောသည်။

ကြို့ပင်ကောက်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်‌ရေးလုပ်ငန်းများကို အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများက အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်းများ တပ်ဆင် ရန်၊ မလိုအပ်လျှင် အပြင်မထွက်ကြရန်နှင့် လူစုလူဝေးနေရာများသို့ မသွားရန် အစရှိသည့် ကြိုတင်ကာကွယ်ရေး အသိ ပညာပေးခြင်းတို့ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)