လွိုင်ကော် ဇန်နဝါရီ ၂၆
ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃) ကို ယနေ့နံနက် ၁၀ နာရီအချိန်က ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်နယ်စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်နယ်အတွင်း စားသုံးမှုဖူလုံစေရေးအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ၊ MSME လုပ်ငန်းများကို အားပေးမြှင့်တင်ရမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်းတွင် လက်ရှိဆောင်ရွက်နေသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အဓိက အားထားပြီး လုပ်ငန်းသစ်များ တိုးတက်လာစေရန် ကူညီအားပေးရမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ထပ်မံတိုးပွား လာစေရန် ဖိတ်ခေါ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှချမှတ်ထားသောမူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ နည်းစနစ်များနှင့်အညီ ရင်းနှီးမြှုပ်နှံမှု လျာထားချက်များကိုပြည့်မီအောင် သက်ဆိုင်ရာဌာနများက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၄/၂၀၂၂) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်မှ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ပြောင်းအခြောက်ခံ သန့်စင်ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် လျှောက်ထားလာမှုများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကော်မတီအတွင်းရေးမှူး ဒေါက်တာထွန်းထွန်းက တင်ပြဆွေးနွေးခဲ့သည်။
ယင်းနောက် ကော်မတီအဖွဲ့ဝင်များက မိမိတို့ကဏ္ဍအလိုက်ဆောင်ရွက်နေမှု အခြေအနေများကိုတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြမှုများအပေါ် ပြန်လည်ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြောင်းအခြောက်ခံ သန့်စင်ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် လျှောက်ထားလာသော Treasure Corn Company Limited အား အတည်ပြုမိန့်ပေးအပ်ခဲ့ရာ အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူက လက်ခံရယူခဲ့ ကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)