ပေါက် စက်တင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက မြို့နယ်အတွင်းရှိ ဒေသခံတောင် သူများ မိုးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ၂၀၂၀ ပြည့်နှစ် မေလ ၁၅ ရက်နေ့ကစ၍ ထုတ်ချေးပေးခဲ့ရာ သြဂုတ်လ ၂၁ ရက်က လည်းကောင်း၊ ကိုဗစ် - ၁၉ ပံ့ပိုးချေးငွေများကို ဇူလိုင် ၇ ရက်နေ့က စတင် ထုတ်ချေးပေးခဲ့ရာ သြဂုတ်လ ၂၆ ရက်ကလည်းကောင်း တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပြီးကြောင်း ပေါက်မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တာဝန်ခံဘဏ်မန်နေဂျာ ဒေါ်ဥမ္မာမြင့်ထံက သိရသည်။
ပေါက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မိုးသီးနှံစိုက်ပျိုး စရိတ်ချေးငွေများကို နှစ်စဉ် ထုတ်ချေး ဆောင်ရွက်ပေးလျက်ရှိပြီး ယခု ၂၀၂၀ ပြည့်နှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးခြင်းကို မေလ ၁၅ ရက်နေ့မှ စတင်ကာ မိုးသီးနှံစိုက်ပျိုး စရိတ်ချေးငွေ ထုတ်ချေး ပေးရမည့် ကျေးရွာအုပ်စု(၅၁)စုရှိ တောင်သူဦးရေပေါင်း ၅၃၆၄ ဦးအား စပါးသီးနှံဧက ၃၄၈၂ ဧကအတွက် တစ်ဧက ငွေကျပ်တစ်သိန်းခွဲ ၊ အခြားသီးနှံဧက ၂၇၅၉၂ ဧကအတွက် တစ်ဧက ငွေကျပ်တစ်သိန်း နှုန်းဖြင့် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် နိုင်ငံတော်မှ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်လုပ်ကိုင်ကြသည့် တောင်သူဦးကြီးများ ကိုဗစ် - ၁၉ ဂယက်ကြောင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍအပေါ် ထိခိုက်မှုများ ရှိနိုင်သည့်အတွက် အခက်အခဲမရှိ စိုက်ပျိုးနိုင်ရန် အပိုဆောင်းထုတ်ချေးပေးသည့် ကိုဗစ် - ၁၉ ပံ့ပိုးချေးငွေများကိုလည်း ဇူလိုင်လ ၇ ရက်နေ့က စတင်၍ ထုတ်ချေးပေးခဲ့ရာ ချေးငွေထုတ်ချေးပေးရမည့် ကျေးရွာအုပ်စု(၅၀)အုပ်စုမှ တောင်သူ ၄၇၉၄ ဦးအား စိုက်ဧက ၂၈၁၄၄ဧက အတွက် တစ်ဧကလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး ပေးရာတွင် ချေးငွေလာရောက် ထုတ်ချေးကြသော တောင်သူ ဦးကြီးများ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွား မှုမရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ကျန်းမာရေး ညွှန်ကြားချက်များနှင့် အညီ ထုတ်ချေးပေးခဲ့ပြီး ချေးငွေပြန်လည် ပေးဆပ်ရမည့် စည်းကမ်းချက်များကို တောင်သူများသိရှိအောင် အသိပေး ရှင်းလင်းဆွေးနွေး ပြောကြားထားပြီး ဖြစ်ကြောင်း ပေါက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ တာဝန်ခံမြို့နယ်ဘဏ်မန်နေဂျာ ဒေါ်ဥမ္မာမြင့် ၏ ပြောပြချက်အရ သိရသည်။
ဉာဏ်တိုး(ပေါက်)