ယင်းမာပင်ခရိုင်အတွင်းရှိ ဆည်များအတွင်း ငါးမျိုးများစိုက်ထည့်ခြင်းဆောင်ရွက်

ယင်းမာပင် စက်တင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်အတွင်းရှိ ဆည်များ အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့ နံနက် ၉ နာရီက ယင်းမာပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဆားလင်းကြီး မြို့နယ်မှ ငွေသာဆည်နှင့် ဆားလင်းကြီးဆည်တို့၌ ငါးမျိုးများစိုက်ထည့်ခဲ့ ကြောင်း သိရသည်။

ခရိုင်အတွင်းရှိ ဆည်များတွင် ငါးမျိုးစိုက်ထည့်နိုင်ရေး ယင်းမာပင် ငါးလုပ်ငန်းစခန်းမှ ရရှိသော ငါးသား ပေါက်များကို ဆားလင်းကြီးမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များထံ ယင်းမာပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာဥမ္မာသက်က လွဲပြောင်း ပေးအပ်ခဲ့ပြီး စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့်  ဝန်ထမ်းများ၊ ယင်းမာပင် ငါးလုပ်ငန်းစခန်းမှ ဝန်ထမ်းများက ဆည်များအတွင်း ငါးမျိုးများစိုက်ထည့်ပေးကြကြောင်း သိရသည်။

ငါးသားပေါက်များကို ဆည်များအတွင်းစိုက်ထည့် ခြင်းများဆောင်ရွက်ရာ ဆားလင်းကြီးမြို့နယ်ရှိ ငွေသာ ဆည်တွင် ငါးမြစ်ချဉ်း ငါးသားပေါက်ကောင်ရေ(၁၅၀၀၀၀)ကောင်၊ ထိုင်းငါးခုတ်မ ငါးသားပေါက် ကောင်ရေ (၅၀၀၀၀)၊  ဆားလင်းကြီးဆည်အတွင်းသို့ ငါးမြစ်ချဉ်း ငါးသားပေါက် ကောင်ရေ (၅၀၀၀၀)၊ ထိုင်းငါးခုတ်မ ငါးသားပေါက် ကောင်ရေ(၅၀၀၀၀)ကောင်၊  စုစုပေါင်း ငါးသားပေါက် ကောင်ရေ (၃၀၀၀၀၀) တို့ကို စိုက်ထည့်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ခရိုင်အတွင်းရှိ ဆည်များ အတွင်းသို့ ငါးမျိုးစိုက်ထည့်ရာတွင် ယင်းမာပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ဖို့ ငါးများများစားကြစို့ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးသည်။

သန်းဌေးအောင်(ကနီ)