မင်းကင်း စက်တင်ဘာ ၂၅
စစ်ကိုင်းတိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ မြို့နယ်ကိုဗစ်-၁၉ကပ်ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆန်းဗိုလ်သည် ယနေ့နံနက်(၁၀)နာရီ အချိန်က မြို့ဝင် စစ်ဆေး ရေးဂိတ်များကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်နှံ့မှု ပိုမိုမြင့်မားလာသည်နှင့် အညီ မင်းကင်းမြို့ မြို့ဝင်ဂိတ်(၃)နေရာတွင် သွားလာနေသော ခရီးသွားပြည်သူများ၏ ခရီးစဉ် မှတ်တမ်းများကို တာဝန်ရှိသူများက စနစ်တကျ ထားရှိရန်၊ ခရီးသွားပြည်သူများအနေဖြင့် Mask တပ်ဆင်မှု မရှိဘဲ သွားလာနေပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူ ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ကပ်ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဆန်းဗိုလ်က လမ်းညွှန် မှာကြားခဲ့သည်။
မြို့ဝင် စစ်ဆေးရေးဂိတ်များတွင် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ၊ ကြက်ခြေနီအသင်း၊ မီးသတ်တပ်ဖွဲ့များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ လူမှုရေး အသင်းများက အလှည့်ကျ တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရှိရသည်။
လှငွေ(မင်းကင်း)