ဖောင်းပြင်မြို့နယ်၊ မိုင်းချောင်းကျေးရွာတွင် တံတားအသစ်တည်ဆောက်ရန်လိုအပ်

ဖောင်းပြင် စက်တင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ မိုင်းချောင်းကျေးရွာတွင်းတံတားသည် ကြံ့ခိုင်မှုမရှိသည့် အခြေအနေများကြောင့် အကျိုးပြုအိမ်ခြေ ၈၀ နှင့် လယ်ဧကပေါင်း ၂၀၀ ခန့်မှ ထွက်ရှိသော စပါးများ သယ်ဆောင်ရာတွင် အခက်အခဲများ ရှိနေပြီး တံတားကို အသစ်ပြန်လည်တည်ဆောက်နိုင်ရန် လိုအပ်ချက်များရှိနေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

အဆိုပါ တံတားသည် အိမ်ခြေ ၃၂၄ အိမ်ရှိ မိုင်းချောင်းကျေးရွာတွင်းကို ဖြတ်ထားသော စိမ့်မြောင်းကို ဖြတ်ကူးနိုင်ရန် အရှည် ၄၀ပေ၊ အကျယ် ၁၂ပေခန့်ရှိ သစ်သားတံတားဖြစ်ရာ ယခုအခါ တံတားမှာ ဆွေး မြေ့လာခြင်းနှင့်အတူ တံတား၏တစ်ဘက်မှာရှိတဲ့ အိမ်ခြေ ၈၀ ၏ သွားလာမှုအခက်အခဲများ၊ လယ်ဧက ၂၀၀ ကျော်ခန့်မှ ထွက်ရှိသော စပါးများနှင့် အခြားသီးနှံများ သယ်ဆောင်ရာ တွင် အခက်အခဲများရှိ နေကြောင်း သိရသည်။

“ဒီတံတားကို ကိုယ်ထူကိုယ်ထ ဆောက်လုပ်ခဲ့တာပါ။ ဆယ်နှစ်ကျော်ရှိပြီဆိုတော့ ကြံခိုင်မှုမရှိလို့ ဆိုင်ကယ်တို့ လှည်းတို့လောက်ပဲ သွားလို့ရပါတော့တယ်။ လယ်ထွန်စက်ကြီးတွေ၊ ရိတ်သိမ်းခြွေလေ့စက်တွေ၊ စပါးသယ်ဖို့ ကားတွေသွားလို့မရတော့ပါဘူး။ မိုးရေများပြီး ဆင်းလာရင်လည်း အန္တရာယ်ကများနေပါပြီ။ ဒီတံတားကို အသစ်ဆောက်ဖို့ ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေး ဦးစီးဌာနကိုတော့ တင်ပြထားတာရှိပါတယ်။ ဌာနအနေနဲ့ ကူညီဆောင်ရွက်ပေးမယ်ဆိုရင် ကျေးရွာကလည်း လုပ်အားငွေအား စိုက်ထည့်လို့ တံတားပိုခိုင်ပြီး ရည်ရှည်အသုံးပြုနိုင်အောင် ကွန်ကရစ်တံတား တည်ဆောက်ချင်ပါတယ်” ဟု မိုင်းချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးချစ်ဌေးက ပြောသည်။

ကိုထွန်း(ဖောင်းပြင်)