ဝန်းသို စက်တင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ ငွေပေး၊ အလုပ်ပေးစနစ် (Cash For Work) စီမံကိန်းထောက်ပံငွေကျပ်သိန်း ၁၀၀စီဖြင့် မြင်သာကုန်း၊ မော်နိုင်း၊ သဖန်းဆိပ်၊ ကျောက်တိုင်၊ လေးရွာကျေးရွာနှင့် အရှေ့စက်ကျေးရွာတို့တွင် အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ရာ စီမံကိန်းလုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
“ကိုဗစ်-၁၉ကာလမှာ ကျေးလက်နေပြည်သူများ ဝင်ငွေလျော့နည်းလာမှုနဲ့ စားဝတ်နေရေးအခက် အခဲများကို ကုစားပေးနိုင်ရန် ရည်ရွယ်ပြီးတော့ ကျေးရွာတစ်ရွာလျှင် စီမံကိန်းရန်ပုံငွေကျပ် ၁၀၀စီ ထောက်ပံ့ ပေးပြီး ယခုစီမံကိန်းကို ဆောင်ရွက်ခဲ့ပါတယ်၊ လုပ်ငန်းဆောင်ရွက်တဲ့နေရာမှာလဲ လုပ်အားတန်ဖိုး ၆၀ရာခိုင် နှုန်း ၊ ပစ္စည်းတန်ဖိုး ၄၀ရာခိုင်နှုန်းသတ်မှတ်ကာ လုပ်အားခပေးချေသည့်စနစ် ဖြင့်သာ ကျေးရွာလူထု ကိုယ်တိုင် မိမိကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်စေခဲ့ခြင်းဖြစ်ပါတယ်၊ အဲ့ဒီအတွက် အမျိုးသမီးဦးဆောင်သော အိမ်ထောင်စုများနဲ့ ဆင်းရဲသောမိသားစုများကို ဝင်ငွေရရှိစေခဲ့ပါတယ် ”ဟု မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ပြောသည်။
အဆိုပါ စီမံကိန်ထောက်ပံ့ငွေဖြင့် ကျေးရွာ ၆ရွာတွင် ကွန်းကရစ်လမ်းခင်းခြင်းလုပ်ငန်း(၁)ခု ၊ ရွာ တွင်းလမ်းများ ဂျင်းမြေဖို့ပြီး ကျောက်မုန့်ထပ်ပိုးခင်းခြင်းလုပ်ငန်း(၆)ခု ၊ လမ်းဘေးဝဲ/ယာ ရေမြောင်းများ တူးဖော်ခြင်းလုပ်ငန်း(၆)ခု၊ အရှည် ၉ ပေရှိ ကျောက်ရိုးစီကွန်ကရစ်တံတား(၂)စင်း၊ ကွန်ကရစ်ရေပြွန် တည် ဆောက်ခြင်းလုပ်ငန်း(၃)ခုနှင့် မြေသားရေကန်ကန်ဘောင် ကျောက်ရိုးစီခြင်းလုပ်ငန်း(၁)ခု စသည့်လုပ်ငန်းခွဲ များကို ကျေးရွာပြည်သူများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)