ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင် လွိုင်ကော်ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံပြီး ဌာနဆိုင်ရာရုံးများအား သွားရောက်ကြည့်ရှုစစ်ဆေး

လွိုင်ကော်      ဇန်နဝါရီ        ၂၆

ကယားပြည်နယ်အစိုးရအဖွဲ့နှင့် လွိုင်ကော်ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လွိုင်ကော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးတွင် မြို့နယ်နှင့်ခရိုင်များသည် အဓိကကျကြောင်း၊ ပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများက တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နယ်မြေကွင်းဆင်းမှု လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူ့သဘောထားများကိုရယူပြီး နည်းလမ်းများကြံဆ၍ ဖြေရှင်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စက်မှုဇုံများအပြည့်အဝ ပြန်လည် လည်ပတ်နိုင်ရေး၊ ရပ်ကွက်နှင့်ကျေးရွာများတွင် ဆောင်ရွက်နေသော MSME လုပ်ငန်းများကို အားပေးနိုင်ရေး ၊ စိုက်ပျိုးရေးလုပ်ငန်းများကို လျာထားချက်ပြည့်မီစေရန်နှင့် တစ်အုပ်တစ်မ မွေးမြူရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ခရိုင်၊ မြို့နယ်တစ်ခုလျှင် ဒေသထွက်ကုန်တစ်ခုကို ပြည်တွင်းပြည်ပပေးပို့နိုင်သည့်အဆင့်အထိ ထုတ်လုပ်နိုင်ရေး၊ မြို့ရွာသန့်ရှင်းသာယာလှရေးစသည့် လုပ်ငန်းများကို ဌာနဆိုင်ရာများက ပြည်သူများနှင့် အတူပူးပေါင်း၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လွိုင်ကော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးဝင်းဇော်နိုင်က လွိုင်ကော်ခရိုင်၏ ဒေသဆိုင်ရာအချက်အလက်နှင့် ကဏ္ဍအသီးသီးတွင်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ရပ်ကွက်၊ ကျေးရွာများရှိ တာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာများတွင် ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုသည့် လုပ်ငန်းများကို တင်ပြခဲ့ကြသည်။

ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြည်နယ်အစိုးရအဖွဲ့က ဆောင်ရွက်ပေးနေသော နယ်မြေတည်ငြိမ်အေးချမ်းရေး၊ ဥပဒေရေးရာနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာများမှ တာဝန်ရှိသူများ၏ ဆွေးနွေးတင်ပြမှုများအပေါ် ဖြည့်စွက်ဆောင်ရွက်ပေးမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးခဲ့ကာ လွိုင်ကော်ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်း(၇၅၃)ဦးအတွက် အခြေခံစားသောက်ကုန်ဖြစ်သော ဆန်များထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လွိုင်ကော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးရှိ ပြည်သူ့ဝန်ဆောင်မှုရုံး(One Stop Shop)နှင့် ဌာနဆိုင်ရာရုံးများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ကိုဇင်(လွိုင်ကော်)