တနိုင်းမြို့နယ်တွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် လမ်းသားပျက်စီးမှုများဖြစ်ပွား

တနိုင်း စက်တင်ဘာ ၂၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ယနေ့နံနက် ၃ နာရီအချိန်မှစတင်၍ မိုးများအဆက် မပြတ်ရွာသွန်းမှုကြောင့် နမ္မတီး-တနိုင်း-ပန်ဆောင်လမ်း နန်ဖြတ်ယန်ကျေးရွာအနီး မိုင်တိုင် Km-112+500ရှိ အန်ဂိုးပိုက်အား ရေတိုက်စားခြင်းကြောင့် လမ်းသားပျက်စီးသွားသဖြင့် ယာဉ်များသွားလာမှု ပြတ်တောက် လျက်ရှိပြီး တိန်ကောက်ကျေးရွာအဝင် Km 108+500တွင်လည်း လမ်းပေါ် အနက်(၃)ပေခန့်၊ အရှည်ပေ(၇၀)ခန့် ရေကျော်နေ၍ ယာဉ်များသွားလာမရသဖြင့် ယာဉ်များသွားလာနိုင်ရေး ဆောင်ရွက်ရန် တနိုင်းမြို့နယ် လမ်းဦးစီးဌာနမှ  Loderယာဉ်၊ မြေသယ်ယာဉ်များ စတင်စေလွှတ်ထားရှိပြီး ယာဉ်များသွားလာမှု ပြတ်တောက်မှု မရှိစေရေး ပျက်စီးသွားသော လမ်းပိုင်းအား အမြန်ပြုပြင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

တနိုင်းမြို့နယ်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုကြောင့်  နမ္မတီး - တနိုင်း - ပန်ဆောင်လမ်း တိန်ကောက် ကျေးရွာအဝင် မိုင်တိုင်အမှတ် KM-108+500နှင့် KM -109ကြားတွင် အကျယ်ပေ(၃၀၀)ခန့်၊ အနက်(၃)ပေခန့်၊ မိုင်တိုင်အမှတ် KM-109နှင့်KM-110+500 ကြားတွင် အကျယ်ပေ(၂၀၀)အနက်(၂)ပေခွဲခန့်၊ နန်ဖျက်ယန် ကျေးရွာအထွက် မိုင်တိုင်အမှတ်KM-112နှင့်KM-113ကြားတွင် အကျယ်ပေ(၆၀)ခန့်၊ အနက်(၃) ပေခန့်၊ ကောင်ရာကျေးရွာအထွက် မိုင်တိုင်အမှတ် KM-119နှင့်KM-120ကြားတွင် အကျယ်ပေ(၂၀၀)ခန့်၊ အနက်(၁)ပေခွဲခန့် လမ်းရေကျော်မှုများ ထပ်မံဖြစ်ပွား လျက်ရှိကြောင်းနှင့် လက်ရှိအချိန်တွင် လမ်းကြောင်း ခေတ္တယာယီ ပြတ်တောက် လျက်ရှိကြောင်း သိရသည်။

ဝါဝါ(ပြန်/ဆက်)